ကရင်နီ စစ်ရှောင်ကျောင်းများ လိုအပ်ချက်များ ရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်။

ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် စာသင်ဆောင်များနှင့် သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်များ၊ သင်ထောက်ကူ ပစ္စည်းများ လိုအပ်နေသည်ဟု ကျောင်းတာဝန်ခံများက ပြောသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား ဦးရေပေါင်း ၄၆၄၇ ဦး၊ စာသင်ကျောင်းပေါင်း ၄၅၆ ကျောင်းရှိပြီး  ကျောင်းများတွင် စာသင်ဆောင်များအပြင် ဖတ်စာအုပ်၊ စာရေး ကိရိယာများနှင့် သင်ထောက်ကူများ လိုအပ် နေသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှ ရောင်ခြည်ဦး စစ်ရှောင်စာသင်ကျောင်းတွင်  Grade-7 ကို ထပ်တိုး ဖွင့်ထားပြီး ကျောင်းသားဦးရေ ၁၀၀ ကျော် အတွက် စာသင်ဆောင်၊ စာအုပ်နှင့် ဆရာ/ဆရာမများလည်း လိုအပ်နေသည်ဟု ကျောင်းတာဝန်ခံ CDM ဆရာမ နော်မိအယ်က ပြောသည်။

ကျောင်းရဲ့ အဓိကလို အပ်ချက်က ဘာလဲဆိုတော့ စာသင်ဆောင်ပေါ့။ ဒီနှစ်စာသင်တဲ့ခါမှာ ကျမတို့ ကျောင်း သားတွေအတွက် ဘယ်လို စိုးရိမ်မှုရှိလဲဆိုတော့ စာအုပ်တွေလည်း မလုံလောက်ဘူး။ ဖတ်စာအုပ်တွေ မရှိတဲ့ ခါကြတော့ ကလေးတွေ ကျမတို့ သင်ကြားတဲ့ အခါမှာ တအားနဲ့ ကလေးတွေ မသင်ယူ လိုက်ရမှာ ကျမတို့ စိုးရိမ်တာ ရှိတယ်။ အရင်နှစ် ကျမတို့ ကျောင်းက ကျောင်းသား ၁၀၀ လောက်ပဲ ရှိတယ်။ ၁၀၀ လောက်ပဲ ရှိကြ တော့ ကျမတို့ နိုင်နိုင်နင်းနင်း သင်နိုင်တယ်။ ဆရာမတွေလည်း စုံစုံလင်လင် ရှိတယ်ပေါ့နော်။ နောက် ဒီနှစ်ကြ စစ်ရှောင်လည်း ထပ်တိုးလာတယ်။ ကျမတို့နောက် တစ်တန်းလည်း ထပ်ဖွင့်ခါကြတော့ ကျောင်းဆောင်တွေ လည်း လိုအပ်သွားတယ်။ ဆရာ/ဆရာမလည်း လိုတယ်ပေါ့နော်။”

ကျောင်းသားဦးရေ များသည့် ကျောင်းများတွင် လိုအပ်ချက်များရှိနေသကဲ့သို့ ကျောင်းသားဦးရေ နည်းသည့် ကျောင်းများ၌လည်း လိုအပ်မှုများ ရှိနေသည်ဟု ဆိုသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ  ကျောင်းသား ၅၀ ကျော်သာ ရှိသည့် စစ်ရှောင် စာသင်ကျောင်း တစ်ခုတွင် စာသင်ပေးနေသည့် CDM ဆရာမ ဒေါ်ခရစ္စတင်းက ကျောင်းဆောင် မလုံလောက်ဘူးပေါ့နော်။ ကျောင်းဆောင် ကျဉ်းကျဉ်းလေးမှာ အတန်းစုံ သင်နေရတဲ့အတွက် အဆင်ပြေမနေဘူးပေါ့နော်။ သင်ကြားမှုအတွက် အခက် အခဲဖြစ်တယ်။ အခုက ကိုယ့်ရွာထဲလည်း နည်းနည်း ပြန်ဝင်လို့ရတယ်။ အရင်က သင်ခဲ့တဲ့ စာအုပ်ကို ရသ လောက် အိမ်တိုင်းလိုလို ကျမတို့ အရဲစွန့်ပြီး ပြန်ယူတယ်ပေါ့နော်။ ပြန်ယူတယ် ဆိုပေမဲ့ ကျမတို့ အများကြီး ပြန်ယူလို့မရဘူး။ အန္တရယ်ကြားကနေ ဝင်ယူရတယ်ပေါ့နော် ဟု ပြောသည်။

ယခင် ပညာသင်နှစ်က အလှူရှင် အဖွဲ့အစည်းများမှ ကျောင်းဖွင့်ချိန် မတိုင်မီ လိုအပ်သော ဖတ်စာအုပ်နှင့် စာရေး ကိရိယာများကို ထောက်ပံ့ကူညီမှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် အလှူရှင်အဖွဲ့အစည်းများ မရှိသေးသဖြင့် မိဘ၊ ဆရာများက စုပေါင်း၍ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရသည်ဟု ဆရာမ နော်မိအယ်က ပြော သည်။

ပြီးခဲ့သည့် စာသင်နှစ်များက အထက်တန်းကို ကျောင်းဆောင်ကြီး တစ်ဆောင်ထဲတွင် လူဦးရေ ရာနှင့်ချီပြီး သင် ကြား နိုင်သော်လည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် မကြာခဏ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုများ ရှိလာသည့်အတွက် မိုးကာဖြင့် ကျောင်းငယ်ပုံစံမျိုးကို နေရာ ၁၀ နေရာလောက် ဝေးဝေးတွင်ခွဲထားပြီး သင်ကြား ပေးနေရသည်ဟု စစ်ရှောင်ကူညီသူ ကျေးလက်မြေအဖွဲ့မှ  ဦးဇော်မင်းထိုက်က ပြောသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက် တခြမ်းလုံးလိုလိုမှာ စာသင်ကျောင်းတွေက သူ့အတိုင်းအတာနဲ့သူ လိုအပ်မှုက ကျောင်းတိုင်းမှာ ရှိတယ်။ တချို့ဘာတွေ လိုအပ်လဲဆို မိုးကာလိုအပ်မယ်။ ကလေးတွေ ကျောင်းသွားလို့ရှင် တချို့ နေရာတွေက ကျောင်းနဲ့ သူတို့နေတဲ့ နေရာနဲ့ ဝေးတဲ့အတွက် သူတို့စာအုပ်တွေ မိုးရေ မစိုအောင် ထီးတွေ၊ မိုးကာအင်္ကျီလေးတွေ လိုအပ်တယ်ပေါ့နော်။ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ကွန်ဘာဘူး အစရှိတဲ့ ကျောင်းသုံးပစ္စည်း လည်းလိုအပ်တာ တွေ့ရတယ်” ဟု ပြောသည်။

ထိုလိုအပ်မှုများကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ပညာရေးဌာန အနေဖြင့် အခက်အခဲ များကြားက ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားနေသည်ဟု (IEC) ပညာရေးဌာန ဒုတိယဌာနမှူး ဆရာညီညီဇော် က ပြောသည်။

ကျနော်တို့ IEC အနေနဲ့ ဒီ အခွန်ငွေ ရရှိမှုက နည်းသေးတယ်ပေါ့နော်။ IEC ရဲ့သက်တမ်းကလည်း နည်းသေးတဲ့ အတွက်ကြောင့် ကျနော်တို့ လိုအပ်ချက် ရှိနေတာတော့ အမှန်ပဲပေါ့နော်။ တကယ်လို့ပဲ နိုင်ငံတကာ အလှူရှင် တွေ ရှိမယ်ဆိုရင် ကျနော်တို့အနေနဲ့ ဒါကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်တယ်ပေါ့နော်။ ဒါကိုလည်း ဆက်လက် ကြိုးစားနေတယ်ပေါ့နော်။”

IEC အနေဖြင့် ကြာနေပြီဖြစ်သော စာသင်ဆောင် အမိုးများအား ပြန်လည် ပြုပြင်နိုင်ရန်အတွက် မြို့နယ် အလိုက် မိုးကာများကို သိန်းတစ်ရာကျော်ဖိုးခန့် ဝေငှခဲ့သော်လည်း ကျောင်းများလာသည့်အတွက် လုံလောက်နိုင်ခြင်း မရှိသေးဘူးဟု IEC ပညာရေးဌာန ဒုဌာနမှုး က ဆိုသည်။

ထို့အပြင် ကျောင်းဖတ်စာအုပ်များကို ပေးမည်ဆိုပါကလည်း ကျောင်းအရေအတွက် များလာခြင်း၊ ကျောင်းသား ဦးရေ များလာခြင်းတို့ကြောင့် တစ်ဦးကို တစ်စုံနှုန်း ပေးနိုင်ခြင်း မရှိသေးဘဲ ဆရာကိုင်အတွက်သာ ပေးနိုင်သေး သည်ဟု IEC က ပြောသည်။

အဆိုပါ လိုအပ်မှုများအပြင် ကလေးများကို ပညာသင်ကြားပေးနေသည့် ကျောင်း ဆရာ/ဆရာမများ အတွက်လည်း လစဉ် ကူညီထောက်ပံ့ပေးနိုင်မည့် ပံ့ပိုးမှုများလည်း လိုအပ်နေသည်ဟု ဆိုကြသည်။

ဓါတ်ပုံ – ကျေးလက်မြေ