တော်လှန်ရေး စိတ်ဝိညာဉ်၏ နိူးဆွခြင်းကို ခံရသော ကရင်နီလူငယ်များ
လာဇရုရေးသည်….
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။
ဦးတည်ရာမဲ့ တိုက်ခတ်နေသော လေနှင့်အတူ တော်သလင်းနွေ၏ နေအပူအရှိန်သည်လည်း အလွန်ပြင်းထန် လွန်းနေသည်။
ပြင်းထန်လွန်းသည့် ရာသီဥတုနှင့်အတူ ကရင်နီပြည်၏ တော်လှန်ရေး ကဏ္ဍသည်လည်း အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက် လျှက်ရှိသည်။
တိုက်ပွဲများ ပြင်းထန်လာသည့် နည်းတူ ကျဆုံးရဲဘော်များလည်း ရှိသကဲ့သို့ ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိသည်။
ထိုကဲ့သို့ အခြေအနေကို မြင်ရသော ကရင်နီလူထု အများစု၏ ရင်ထဲတွင် မခံချိမခံသာ ခံပြင်းစိတ်များ ပေါ် ပေါက်သကဲ့သို့ အချို့သော ဆယ်ကျော်သက်လူငယ် များသည် တော်လှန်ရေး၌ ကိုယ်တိုင်ပါဝင် လိုစိတ်များ ပြင်းပြလာသည်။
ထိုသို့ ပါဝင်လိုစိတ် ဖြစ်ပေါ် သူအများစုမှ အသက် ၁၅ နှစ်အထက် နှင့် ၁၈ နှစ်အောက် အသက်အရွယ်များက အများဆုံးဖြစ်သည်။
ပါဝင်လိုသူ လူငယ်အများစုမှာလည်း တော်လှန်ရေးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ ဖြစ်ပြီး အများစုမှာ စစ်ရှောင် စခန်းတွင် စစ်ရှောင်ရင်း နေထိုင်နေသော ကလေးများဖြစ်သည်။
၁။ တော်လှန်လိုစိတ်ကို လှုံ့ဆော်သည့် အဓိက အကြောင်းအရင်း
ကရင်နီပြည်၏ လုံခြုံမည်ဟု ထင်ရသော ဒေသအချို့တွင် စစ်ရှောင်ပြည်သူများက ယာယီစစ်ရှောင်စခန်းများကို တည်ဆောက်ရင်း နေထိုင်လာခဲ့ကြသည့် အချိန်မှာ ၃ နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည်။
၃ နှစ်ဟူသော အချိန်ကာလသည် လူတစ်ဦး၏ အတွေးစိတ်ကူးကို များစွာပြောင်းလဲသွားရန်အတွက် လုံလောက် သော အချိန်ကာလ တစ်ခုလည်းဖြစ်သည်။
ထိုကာလအတွင်း၌လည်း အတူတကွနေထိုင်သူ စစ်ရှောင်မိသားစုဝင် အချင်းချင်းသည်လည်း စခန်း အစုအဖွဲ့ ၏ သာရေး၊ နာရေး၊ ပညာရေး ကိစ္စများကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှဖြင့် ကြိုးစားခဲ့ကြသည်။
မျိုးဆက်သစ်များ အတွက် အရေးအကြီးဆုံး ဖြစ်သည့် ပညာရေးကို နိုင်သမျှအားဖြင့် ကြိုးစားလုပ်ဆောင်ခဲ့ကြ သော်လည်း စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ကျောင်းနေအရွယ် လူငယ်လေးများ၏ စိတ်ထဲ တွင် ခံစားချက်အတွေးပေါင်းစုံ ဝင်လာသည်။
အထူးသဖြင့် စစ်ကောင်စီက စာသင်ကျောင်းများကို အကြောင်းမဲ့သက်သက် လေယာဉ်ဖြင့် ဗုံးကြဲခြင်းသည် လည်း လူငယ်လူရွယ်၏ စိတ်ထဲတ္ငင် နာကြည်းစိတ် တော်လှန်လိုစိတ်ကို ပိုမိုဖြစ်ပေါ်စေသည့် အဓိက အကြောင်းအရင်း ဖြစ်သည်။
တော်လှန်လိုစိတ်နှင့် ပတ်သက်၍ အသက် ၁၇ နှစ်အရွယ် ကရင်နီလူငယ် မောင်မိုးဇက် က “အခုဆိုရင် တိုက်ပွဲ တွေလည်း အများကြီး ဖြစ်တယ်။ ပြီးတော့ ရဲဘော်တွေလည်း အများကြီးကျတယ်။ စိတ်မကောင်းဘူး ရဲဘော် တွေ ကျတာမြင်ရင် မနေနိုင်ဘူး ဝမ်းနည်းတယ်။ ကိုယ်လည်း လက်နက်ကိုင်ပြီးတော့ ပြန်တော်လှန်ချင်တယ်” ဟု သူ၏ စိတ်ခံစားချက်ကို ပြောပြသည်။
ထပ်မံ၍ သူက “စစ်ကောင်စီက ဘာမှ မဆိုင်တဲ့ ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တယ်။ လက်နက် ကြီးနဲ့ ပစ်ခတ်တယ်။ ဘာမဆိုင်တဲ့ ပြည်သူတွေကို သတ်ဖြတ်တယ်။ ဒါကြောင့် တော်လှန်ရေးမှာ ပါဝင် ချင် တယ်”ဟု သူ့၏ ပြင်းပြသော ဆန္ဒကို ဆက်ပြောသည်။
မိုးဇက်ကဲ့သို့ပင် အသက် ၁၆ နှစ်အရွယ် မောင်အန်ထော်နီကလည်း တော်လှန်ရေး ရဲဘော်အဖြစ် ပါဝင်လို ကြောင်းကို “ကျနော်မှာ ပြောပြလို့မရတဲ့ မိသားစု ပြသာနာကြောင့် ရဲဘော်ဝင်ချင်တယ်။ ပြီးတော့ စစ်ပွဲထဲက နေ မလွှတ်မြောက်နိုင်တဲ့ ရဲဘော်တွေ အကြောင်းကို ကြားရရင် သူတို့ကို စိတ်ပူပြီတော့ သူတို့နဲ့အတူ တိုက်ပွဲဝင် ချင်တယ်” ဟုပြောသည်။
တော်လှန်ရေးနှင့် ပတ်သက်၍ သူ့၏ ခံယူချက်ကို မောင်အန်ထော်နီက ဆက်၍ “တိုင်းပြည် ငြိမ်းချမ်းရေး ရဖို့ အတွက်ဆိုရင် ကျနော့် အသက်တောင်ပေးဖို့ မနှမြောဘူး” ဟု ဆက်ပြောသည်။
မောင်မိုးဇက်နှင့် မောင်အန်ထော်နီ ကဲ့သို့ပင် လက်နက်ကိုင် တော်လှန်ခြင်းကသာလျှင် တော်လှန်ရေး၏ အဖြေ ဖြစ်သည်ဟူသော ခံယူချက်သည် ကရင်နီလူငယ်အများစု၏ စိတ်ထဲတွင် ကိန်းအောင်းနေသည်။
၂။ တော်လှန်လိုစိတ် အပေါ် မိသားစုနှင့် သူငယ်ချင်းများ၏ စိုးရိမ်မှု
အသက်မပြည့်သေးဘဲ တော်လှန်ရေး ကဏ္ဍတွင် ပါဝင်လိုသော လူငယ်အများစု၏ မိခင်များသည် မိမိတို့ ရင်သွေး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြသည်။
ကရင်နီ လူငယ်တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ထရေးဇာက “ကျမသား ရဲဘော်သွားချင်ရတဲ့ နံပါတ်တစ် အကြောင်း အရင်းက မိဘနဲ့ သားသမီးကြားက နားလည်မှု လွဲကြတဲ့ ပြသာနာပေါ့။ အဲ့ဒါကို သူတို့က အိမ်တွင်းရေး ပြဿနာလို့ ခေါင်းစဉ်တပ်ပြီးတော့ အိမ်မှာ မနေချင်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲဘော်လုပ်မယ်ဆိုပြီး ပြောလာတာပါပဲ” ဟု ပြောသည်။
သားသမီးများ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မိခင်တစ်ဦး၏ စိုးရိမ်ပူပန်စိတ်ကို ၎င်းကဆက်၍ “ကျမသားက အသက်မပြည့်သေးတော့ လုံးဝ မလွှတ်နိုင်ဘူး။ အရှေ့မှာ ဘာတွေကြုံရနိုင်လဲ ဘယ်လောက်ထိ ဖြစ်သွားနိုင်လဲ ကျမ မသိဘူးလေ။ မျက်စိ ဒေါက်ထောက်ပြီးလည်း လိုက်မကြည့်နိုင်ဘူးလေ။ မျက်စိအောက်က ပျောက်ပြီဆို တာ ကျမသူ့ကို တန်းပြီး လိုက်ရှာတယ်။ ကျမ မသေသေးသ၍တော့ သူဘယ်ရောက်ရောက် ကျမ ရအောင် သွားပြန်ခေါ်လာမှာပဲ။ ပြီးတော့ တော်လှန်ရေး အကြီးအကဲတွေကို ကျမ တစ်ခု မေတ္တာရပ်ခံချင်တာက ကျမ ကလေးလို အသက်မပြည့်သေးဘဲ တော်လှန်ရေးမှာ ကိုယ့်သဘောနဲ့ကိုယ် ပါဝင်လာတဲ့ လူငယ်တွေရှိရင် သေချာ ဆုံးမပဲ့ပြင်ပေးပြီး မိဘအုပ်ထိန်းသူဆီ ပြန်လွှတ်လာပေးဖို့ တောင်းဆိုချင်တယ်” ဟု ပြောသည်။
အသက်မပြည့်သေးသူ လူငယ်များ ၎င်းတို့၏ ဆန္ဒအလျောက် တော်လှန်ရေးတပ်ဖွဲ့တွင်း ဝင်ရောက်လာမှုများ ရှိပါကလည်း ကောင်းမွန်စွာ ဆုံးမပြီး မိဘအုပ်ထိန်းသူထံ ပြန်ပို့ပေးရန် မိခင်များက တောင်းဆိုနေကြသည်။
ကရင်နီ မိခင်တစ်ဦးဖြစ်သူ ဒေါ် မိုးဘူးကလည်း “ကျမက တော်လှန်ရေး အားမပေးလို့ ကလေးတွေကို တားတာ မဟုတ်ပါဘူး။ အသက်ငယ်လွန်းသေးတော့ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် မချနိုင်သေးမှာကိုပဲ စိုးရိမ်တယ်။ ပြီးရင် သူတို့ရဲ့ လုပ်ရပ်ဆုံးဖြတ်ချက်ကြောင့် တော်လှန်ရေး အဖွဲ့အစည်းကို ကူညီရာ မရောက်ဘဲ ဝန်ထုပ်ဝန်ပိုး ဖြစ်မှာ စိုးရိမ်လို့ သူတို့ကိုတားတာပါ” ဟု သူမ၏ စိတ်ခံစားချက်ကို ပြောသည်။
မိခင်များက စစ်ရှောင်ရင်း ၎င်းတို့၏ သားများကို မျက်စိအောက်မှ မလွှတ်မပေးဘဲ စောင့်ကြည့်ရသည့် အလုပ် လည်း ရှိနေသည်ဟု ဆိုကြသည်။
စစ်ရှောင်များအနေဖြင့် လေယာဉ်ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ရုတ်တရက် တိုက်ပွဲများ ဖြစ်လာနိုင်သည့်အတွက် အမြဲအသင့်အနေအထားမျိုး စိတ်ပိုင်းဆိုင်ရာရော၊ အခြားသော ပြင်ဆင်စရာများကိုပါ ပြင်ဆင်ထားရသည့်အပြင် လူပျိုအရွယ် ၎င်းတို့၏ ကလေးများ နာရီနှင့်ချီ ပျောက်နေပြီဆိုပါကလည်း စိတ်သောက ရောက်ရသည်ဟု ဆိုကြသည်။
အသက် ၁၇ နှစ်အရွယ် ကရင်နီစစ်ရှောင် မောင်ညီအောင်နိုင်ကမူ လက်နက်ကိုင်တော်လှန်ရေး အပြင် အခြားသော ကဏ္ဍများမှလည်း တော်လှန်ရေး လုပ်နိုင်ကြောင်း ဆိုသည်။
“လက်နက်ကိုင်ပြီး တော်လှန်မှပဲ တော်လှန်ရေး လုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့အရွယ်က ပညာသင်ရမယ့် အရွယ်လေ။ ပညာရေးနဲ့လည်း ကျနော်တို့ တော်လှန်ရေး လုပ်လို့ရပါတယ်။ ရှေ့ကနေ တိုက်ပွဲဝင်ပေးနေတဲ့ လူငယ်တွေ ရှိသလို ကျနော်တို့ လည်း ပညာတွေ ရသလောက် သင်ယူထားရမယ်။ ဒါမှ တော်လှန်ရေး ပြီးသွားရင် တိုင်းပြည် ပြန်တိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ ပညာတတ်လူငယ်တွေက လိုအပ်တဲ့ ကဏ္ဍမှာ ပြန်ဝင်ကူလို့ ရမှာပေါ့။”
မောင်ညီအောင်နိုင်က ကရင်နီစစ်ရှောင်စခန်း တစ်ခု၌ ဖွင့်ထားသည့် ကျောင်းတစ်ကျောင်းတွင် ဒဿမတန်း အတန်းကို တက်ရောက်ပြီးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
သူက ၎င်းအနေဖြင့် ထိုကဲ့သို့ ပြောဆိုရခြင်းသည် တော်လှန်ရေးတွင် ပါဝင်လိုသူများကို တားမြစ်ခြင်း မဟုတ်ဘူးဟု ဆိုသည်။
“ကျနော်နဲ့ရွယ်တူ သူငယ်ချင်းတွေကိုတော့ လောလောဆယ် ပညာကိုပဲ ရသလောက် သင်ယူစေချင်တယ်။ ဆုံးဖြတ်ချက်တွေ သေသေချာချာ ချနိုင်တဲ့ အခါကျမှ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို သေချာရွေး စေချင်တာပါ” ဟု ဆက်ပြောသည်။
၃။ တော်လှန်လိုစိတ် အပေါ် အကြံပြုချက်
တော်လှန်ရေး ၃ နှစ်ကျော် ကာလအတွင်း စိတ်ပိုင်း ရုပ်ပိုင်း ထိခိုက်မှု များပြားလာသော ကျောင်းနေအရွယ် လူငယ်များအတွက် ကျောင်းသင်ခန်းစာများအပြင် အခြားသော ဘာသာရပ်များ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ဘာသာရပ်များ လေ့လာခွင့်ရအောင် ဆည်းပူးခွင့်ရအောင် အဖက်ဖက်ကနေ ဖန်တီးပေးသင့်သည်ဟု စစ်ရှောင် CDM ဆရာ၊ ဆရာမများက ထောက်ပြကြသည်။
CDM ဆရာမ တစ်ဦးက “ကျောင်းမှာဆိုရင်လည်း ကျမတို့က တတ်သလောက် မှတ်သလောက်နဲ့ သူတို့ကို စိတ်ဓာတ် ခွန်အားရအောင် နှစ်သိမ့်ဆွေးနွေးပေး ဖြစ်တယ်။ ပြီးတော့ လူမှု အဖွဲ့အစည်းအနေနဲ့ ဘာလုပ်ပေး သင့်လည်းဆိုတော့ နှစ်သိမ့်ဆွေးနွေးတဲ့ အပိုင်းကို လုပ်ပေးသင့်တယ်။ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ပဲ ဖြစ်ဖြစ် တတ်သိတဲ့ ပညာရှင်တွေနဲ့ပဲ ဖြစ်ဖြစ် တွေ့ပေးသင့်တယ်။ သူတို့ စိတ်မလေရအောင် သူတို့အားသန်တဲ့ ကျောင်း စာမဟုတ်တဲ့ အသက်မွေးဝမ်းကျောင်း ဘာသာရပ် သင်တန်းလေးတွေ ဖွင့်ပေးသင့်တယ်။ ဘာလို့လဲဆို ကျောင်း ပိတ်ပြီ ဆိုရင် လည်း သူတို့တွေ စိတ်မလေရအောင် ဒါလေးတွေ လုပ်ပေးသင့်တယ်လို ကျမမြင်တယ်” ဟု ပြောသည်။
အသက်မပြည့်သေးသည့် လူငယ်များ၏ တော်လှန်ရေးထဲသို့ ဝင်လိုသောစိတ်နှင့် ပတ်သက်၍ KNDF တပ်ရင်း ၁၅ တွင် တာဝန်ထမ်းဆောင်နေ တော်လှန်ရေးရဲဘော် မိုက်ကယ်လ်က တော်လှန်ရေးအစမှ ယနေ့ထိ ပါဝင် ထမ်း ဆောင်ခဲ့သော ၎င်း၏ အတွေ့အကြုံပေါ် အခြေခံ၍ အကြံပြုလိုသည်ကို ယခုကဲ့သို့ ပြောသည်။
“ကျနော်အနေနဲ့ တော်လှန်ရေးထဲကို ဘာတစ်ခုမှ မသိဘဲနဲ့ ဝင်လာချင်တဲ့ ညီတွေ ညီမတွေကို ပြောပြချင်တာက လက်နက်ကိုင် တော်လှန်ရေး လုပ်ပေးမယ့် လူတွေ အင်အားတွေ အများကြီးရှိတယ်။ ဒီ့ထက် ကျနော်တို့ လိုအပ် တဲ့ ကဏ္ဍတွေက ကျန်သေးတယ်။ ဘာလို့လဲဆို နောက်ပိုင်း လာမယ့်ကဏ္ဍတွေ ဖြစ်တဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိလာလိမ့်မယ်။ ပညာရှင်တွေ ရှိသလို နောက်ထပ် ပညာတတ် လူငယ် လိုအပ်ချက်တွေ ရှိလာလိမ့်မယ်။ ဒါကြောင့် တော်လှန်ရေးဖက်ကို ဝင်လာချင်တာထက် ပညာရေးဖက်ကို ပိုဦး စားပေးစေချင်တယ်။”
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အနေဖြင့် အသက်မပြည့်သေးသည့် ကလေးများ တပ်ထဲ လိမ်လည်ပြီး ဝင်လာပါက မိဘများထံ ပြန်အပ်ပေးလေ့ရှိသည်ဟု ဆိုသည်။
တော်လှန်ရေးရဲဘော် မိုက်ကယ်လ်က “တစ်ချို့က အသက်လိမ်ပြီး ဝင်လာတဲ့ လူငယ်တွေ ရှိတယ်ဆိုတာကို နောက်မှ သိရတာမျိုးရှိတော့ ကျနော် သူတို့ ကို အရမ်းနှမြောတယ်။ သူတို့ကိုပညာ ဆက်သင်စေချင်တယ်။ ပညာဆိုလို့ ကျောင်းမှာ ငြီးငြီးငွေ့ငွေ့ သင်ရတာမျိုး မဟုတ်ဘဲ ဘာကိုစိတ်ဝင်စားလဲ ဘာကိုသင်ချင်လဲ သေချာ စဉ်းစားစေချင်တယ်။ ဒီအချိန်မှာ သင်တန်း ကျောင်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီသင်တန်းကျောင်းတွေကို သွားတက်ကြည့်ပါ။ ပြီးရင်သူတို့ ပိုပြီး သဘော ပေါက်လာပါလိမ့်မယ်။ ကျနော်ကတော့ ဒီလောက်ပဲ အကြံပြုချင်ပါတယ်” ဟု ပြောသည်။
ပဋိပက္ခနှင့် စစ်ပွဲများကြားတွင် ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နာကျင်မှုများကို ခံစားရင်း ကြီးပြင်းရသည့် ကလေးများမှာ မှောင်မိုက်သော အနာဂတ်ထဲ တိုးဝင်နေကြရသူများပင် ဖြစ်ပေသည်။
အထူးသဖြင့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြင်းထန်သည့် စိတ်ဒဏ်ရာများကို ကလေး များ ခံစားနေရသည်ဟု မိဘများ၊ ဆရာ/ဆရာမများနှင့် စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေ သူများက ပြောသည်။
ထို့ကြောင့် ကရင်နီ စစ်ရှောင်ကလေးများသည်လည်း တော်လှန်ရေး လမ်းစဉ်အပေါ် ပို၍ အမြင်ကျယ်ကျယ်ဖြင့် အပြုသဘောဆောင်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်လိုစိတ်များ ရှိနေကြခြင်း ဖြစ်သည်။
ကရင်နီပြည်၏ တော်လှန်ရေးသည် အရှိန်အဟုန်ဖြင့် မောင်းနှင်နေသကဲ့သို့ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရန် အတွက် လည်း ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများ သာမက လူထုတစ်ရပ်လုံးက ကြိုးစားလုပ်ဆောင်လျှက် ရှိသည်။