ဓနုဒေသ ရွာငံမြို့နယ်မှ စစ်ရှောင်များ ဆေးဝါး အကူအညီ လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်။  

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ‌ဒေသအတွင်းရှိ စစ်ဘေးရှောင် ၂၀၀ ခန့် ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ အရေးပေါ်လိုအပ်နေကြသည်ဟု လူမှုကူညီ ရေး အသင်းဝင်များက ပြောသည်။

၂၀၂၅ ခုနှစ် နှစ်ဦးပိုင်း စစ်ဘေးရှောင်နေရသည့် ကာလများအတွင်း ရာသီဥတု အပြောင်းလဲနှင့် သောက်သုံးရေ မသန့်ရှင်းမှုတို့ကြောင့် ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာတွင် စစ်ဘေးရှောင်များ အကြား တုတ်ကွေးနှင့် အရေပြားရောဂါများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ဖြစ်တဲ့သူ အများစုကတော့ ကလေးတွေပဲ။ ရေ မသန့်လို့ ဖြစ်ကြတာပေါ့။ နေထိုင်ရ ခက်ခဲတာလည်း ပါတာပေါ့လေ။ အလှူရှင်ကလည်း တခါတလေမှဆိုတော့ အာဟာရချို့တဲ့တာ ဘာညာကြောင့်လည်း ပါတယ်ပေါ့။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပေမယ့် ကူးစက်နှုန်း က မြန်တော့ ဆေးအလျင်မမီတဲ့ အခက်အခဲတွေ ရှိတယ်။ ဆေးကို လှူပေးစေချင်တယ်ဟု ပြောသည်။

လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အလှူရှင်လာရောက်သူ နည်းပါးလျက်ရှိပြီး အရေပြား ရောဂါကြောင့် ကလေးတစ်ဦး ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းတွင် သေဆုံးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

မင်းပလောင်ကျေးရွာသည် ရွာငံမြို့နှင့် မိုင် ၄၀ ကျော် အကွာအဝေးတွင် တည်ရှိပြီး ဇန္နဝါရီလ အစောပိုင်း အတွင်း ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၇၀၀ ခန့် ခိုလှုံနေကြရသည်ဟု ဆိုသည်။

မင်းပလောင်ဒေသအနီးတစ်ဝိုက်ရှိ စစ်ရေးလှုပ်ရှားနေသူ အရင်းအမြစ် တစ်ဦးက ဖုန်းမရ၊ လမ်းမကောင်း ဆို တော့ ဘယ်သူမှ မရောက်ကြတာ။ ဖုန်းပြောချင်ရင် နာရီဝက်လောက် တောင်တက်ရတယ်။ အင်တာနက်တော့ ဘာမှမရဘူး။ ဆေးကတော့ အဓိက လိုတာပေါ့။ တခြားစားနပ်ရိက္ခာနဲ့ ထောက်ပံ့ပစ္စည်းဘာညာတွေလည်း လို ကြပါတယ် ဟု ပြောသည်။

မင်းပလောင်ကျေးရွာတွင် လူဦးရေ ၂ ထောင်နီးပါးခန့် နေထိုင်ကြပြီး လက်ရှိ စစ်ဘေးရှောင်များ အပါအဝင် စုစုပေါင်း လူဦးရေ ၂၅၀၀ ကျော်ခန့် ရှိသည်ဟု လူမှုကူညီရေးအသင်း တာဝန်ရှိသူများက ဆိုကြသည်။

မင်းပလောင်ကျေးရွာအား စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။