ကရင်နီမှာ ထုတ်ပေးမယ့် ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်ပြားတွေ တကယ် အလုပ်ဖြစ်မလား။ 

စမိုင်းလ်၊ သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်။ 

ပြည်နယ်ပြင်ပနှင့် နိုင်ငံပြင်ပမှ ကရင်နီသို့ စီးပွားရေးလုပ်ငန်းအတွက် ဖြစ်စေ၊ အခြားသော ကိစ္စရပ်များအတွက် ဖြစ်စေ ဝင်ထွက်သွားလာကြမည့် သူများအတွက် ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်ကို မတ်လမှ စတင်၍ ထုတ်ပေးသွားမည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) က ထုတ်ပြန်ကြေညာထားသည်။

လုံခြုံရေးအတွက် ကတ်ပြားများ ထုတ်ပေးခြင်းဟု IEC ပြော 

ဤကတ်ပြားကို ထုတ်ရခြင်းသည် ကျယ်ပြန့်လာသည့် ထိန်းချုပ်နယ်မြေအတွင်း လုံခြုံရေး ပိုမို ကောင်းမွန်စေ ရန် ဖြစ်သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး-၂ ဦးဗညားက ပြောသည်။

“အဓိက ပြည်နယ်ထဲကို စီးပွားရေးလုပ်ငန်း ဖြစ်စေ၊ ပြည်နယ်ထဲကို လာလည်တာ ဖြစ်စေ၊ ပြည်နယ်ထဲကို တစ် ချို့လူမှုရေး လုပ်ငန်းတွေ၊ Project activity တွေ၊ သတင်းအချက်အလက် ယူချင်တာတွေ၊ research တွေ လုပ်တဲ့သူတွေ ရှိတာပေါ့နော်။ သူတို့ကိုအတတ်နိုင်ဆုံး အချက်အလက်တွေ စနစ်တကျ ရှိဖို့ အတွက် အဲ့ဒီဟာကို ပြုစုဖို့အတွက်ပဲ ဖြစ်ပါတယ်ပေါ့နော်။”

အခြားတိုင်းနှင့် ပြည်နယ်အတွင်း နေထိုင်သူများအနေဖြင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ထံ၌ ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်လုပ်ပြီးမှ ပြည်နယ်အတွင်း ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။

IEC သည် ၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်အတွင်းရှိ လူဦးရေစာရင်းကို ကောက်ယူထားပြီး ၎င်းတို့၏ ပြည်နယ် အတွင်း ပြင်ပမှ လာသူများ ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ် ကိုင်ဆောင်ရမည်ဟု ဖေဖော်ဝါရီလ ဒုတိယပတ် တွင် ကြေညာခဲ့သည်။

ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်သည် ကရင်နီပြည်တွင်း ဝင်ထွက်သွားလာရေးကို စနစ်တကျ စီမံနိုင်ရန်နှင့် လုံခြုံစွာ ဝင်ထွက်သွားလာနိုင်ရန် ရည်ရွယ်၍ IEC ၏ လူဝင်မှု ကြီးကြပ်ရေး ဌာန (လဝက) ၏ လုပ်ငန်းစဉ်တစ်ခု အဖြစ် ချမှတ်ထားခြင်းဖြစ်သည်။

(IEC) အတွင်းရေးမှူး-၂ ဦးဗညားက “ပြည်နယ်ထဲမှာ ရှိနေပြီးသား Humanitarian မှာ ကူနေတဲ့သူတွေ CSO၊ NGO မှာ လုပ်နေတဲ့သူတွေ ပညာရေး၊ ကျန်းမာရေး ဆက်တင်မှာ ပါဝင်တဲ့သူတွေကတော့ အခုကျနော်တို့ တွေ့နေတဲ့ အနီရောင် သွားလာခွင့် လက်မှတ်နဲ့ မဆိုင်ပါဘူးပေါ့နော်။ သူတို့အတွက် သီးသန့်စီမံထားတာ ရှိပါ တယ်။ ဒီဟာက အခါအားလျာ်စွာ ကျနော်တို့ ဆက်လက်ပြီးတော့ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။

ပြည်နယ်ခြား ဖြတ်သန်းခွင့် ကတ်ပြားလုပ်ရမည့်သူများ ပြည်နယ် ပြင်ပနှင့် နိုင်ငံပြင်ပမှ ကရင်နီသို့ စီးပွားရေးလုပ်ငန်း အတွက် ဖြစ်စေ၊ အခြားသော ကိစ္စရပ်များ အတွက် ဖြစ်စေ ဝင်ထွက်သွားလာကြမည့် သူများအတွက် ထုတ်ပေးရန် ဖြစ်သည်။ 

ကရင်နီပြည်သူ/သားများမှာမူ ပုံမှန်အတိုင်း သွားလာနိုင်ပြီး ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ် သည် ၎င်းတို့အပေါ် ၌ သက်ရောက်မှုရှိမည် မဟုတ်ဟု IEC က ပြောသည်။

ကရင်နီပြည်တွင် ရှိနှင့်ပြီးသား လူသားချင်းစာနာမှု (Humanitarian) လုပ်ဆောင်နေသူများ၊ CSO၊ NGO တို့တွင် လုပ်နေသူများ၊ ပညာရေး၊ ကျန်းမားရေး ဆက်တင်တွင် ပါဝင်နေသူများနှင့် နှစ်ရှည်နေထိုင်သွားမည့် ပြည်နယ် ပြင်ပ ပြည်သူများသည်လည်း လက်ရှိ အနီရောင်ကတ် သွားလာခွင့် လက်မှတ်နှင့် မသက်ဆိုင်ပဲ သီးသန့်စီမံထား ပြီး ဖြစ်၍ အခါအားလျာ်စွာ IEC မှ ဆက်လက်ထုတ်ပြန်သွားမည်ဟု ဦးဗညားက ပြောသည်။

ကတ်ပြား လုပ်ရမည့် ပုံစံနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်

ကရင်နီ ပြည်နယ်ပြင်ပမှ ပြည်သူများအနေဖြင့် ကတ်ပြားကို ပြည်နယ်ခြား ဖြတ်သန်းခွင့် လုပ်ရမည့်နေရာနှင့် လုပ်ဆောင်ရမည့် ပုံစံနှင့် ပတ်သက်၍ IEC အတွင်းရေးမှူး-၂ ဦးဗညားက ယခုကဲ့သို့ ပြောသည်။

“လုပ်တဲ့နေရာကတော့ ပြည်နယ်တွင်းရော ပြည်နယ်နယ်စပ်မှာရော ကျနောတို့ လျာထားချက် ရှိတယ်ပေါ့ နော်။ ဘယ်နေရာကတော့ ကျနော်တို့ လုံခြုံရေးအရတော့ ပြောရခက်တယ်။ ဒါမဲ့ပြည်နယ်ထဲကို ဝင်လာဖူးတဲ့ သူတွေကတော့ သိပါတယ်။ ဘယ်မှာ လုပ်နိုင်တယ်။ ဘယ်မှာရှိလဲဆို အခါအားလျော်စွာတော့ ချပြဖို့ရှိပါမယ် ပေါ့နော်။ သူ့ရဲ့ Categories ပေါ်မူတည် ပြီးတော့ ကျနော်တို့ ခွဲထားတာရှိပါတယ်။ လောလောဆယ်ကတော့ သက်တမ်း ရှိတယ်။ နောက်ပြီး တော့မှ တစ်ချို့ Categories နဲ့ဝင်တဲ့သူတွေကျတော့ ကျနော်တို့ နည်းနည်း ပါးပါး အခကြေးငွေရှိမယ်။ ဒါပေမဲ့ အများစုကတော့ လုံးဝမရှိဘူးပေါ့နော်။ အဲ့လိုရှိပါမယ်။” 

အဆိုပါ ပြည်နယ်ခြား ဝင်ထွက်ခွင့်ကတ်သည် Smart card ပုံစံအထိ မဟုတ်သေးဘဲ စာရွက် တစ်ရွက်၊ နှစ်ရွက် သာရှိပြီး ထိုစာရွက်ပေါ်တွင် တံဆိပ်တုံး ထုပေးထားမည်ဟု ဦးဗညားက ပြောသည်။

အခက်အခဲနှင့် စိန်ခေါ်မှုများ 

ကရင်နီပြည်အတွင်း ပြည်နယ် ပြင်ပပြည်သူများ ဝင်ထွက်ခွင့်အတွက် ပြည်နယ်ခြား ဝင်ထွက်ခွင့်ကတ် လုပ်ငန်း စဉ် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် IEC မှ တွေ့ကြုံရမည့် စိန်ခေါ်မှုများကိုလည်း ဦးဗညားက ယခု ကဲ့သို့ ပြောသည်။

“အခက်အခဲတော့ အများကြီးရှိပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ ကျနော်တို့ ကြုံရနိုင်ချေ ရှိပါ တယ်။ နောက်ပြီးတော့မှ ဒီဟာပေါ်မူတည်ပြီး အလွှဲသုံးစားမှုတွေလည်း အများကြီးရှိလာနိုင်တယ်။ ပြည်နယ်ထဲ ကို ဝင်ထွက်သွားလာတဲ့ နေရာမှာ တစ်ချို့ အစုအဖွဲ့တွေ တစ်ချို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အတွက်ကတော့ ကျနော်တို့ ခက်ခဲတဲ့ စိန်ခေါ်မှုတော့ ရှိလာနိုင်ချေရှိပါတယ်။ အကြီးဆုံး အခက်အခဲကတော့ လူထု‌တွေ ဒီပေါ်မှာ နားလည်မှုရှိဖို့ အရေးကြီးဆုံးပေါ့နော်။ အဲ့ဒီဟာလည်း ကျနော်တို့မှာလည်း အခက်ခဲရှိသလို အားလုံးကို ရှင်းရှင်းလင်းလင်း ချပြနိုင်ဖို့အတွက်က မဖြစ်နိုင်ဘူးလေနော်။”

လက်ရှိ တော်လှန်ရေး အခြေအနေအရ အချို့သော လုပ်ဆောင်ချက်များအား လျှို့ဝှက်ထားမှုနှင့် အကန့်အသတ် ဖြင့်သာ ထုတ်ပြန်ပေးနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ 

ထို့အတူ ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်တွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်လာ မှုများ ရှိခဲ့ပါက အပြစ်ပေး အရေးယူနိုင်ရေးသည်လည်း IEC အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်သည်ဟု ဆက်ပြောသည်။

ဦးဗညားက “ကျနော်တို့ဆီမှာ အဓိကကတော့ ဒီအလုပ်သမားပေါ့။ ကျနော်တို့ ပြည်နယ်ထဲကို ပုံစံအမျိုးမျိုးနဲ့ ရွှေ့ပြောင်း ဝင်လာတဲ့သူတွေ၊ တစ်ချို့ ကုန်ကူးသန်းရောင်းဝယ် လုပ်တဲ့သူတွေအတွက်ကို ထိန်းချုပ်နိုင်မယ် ဆိုရင်တော့ တစ်ချို့ အခက်အခဲ ပြဿနာကတော့ ကျနော်တို့ အများကြီး ကျော်လွှားနိုင်ချေရှိပါတယ်။ ဒီအချိန် မှာ ကျနော်တို့က လူတွေကို အပြစ်ပေးအရေးယူတာ ထက်စာရင် ကျနော်တို့ အဆင့်ဆင့်ပေါ့နော် ဘယ်လိုမျိုး စောင့်ကြည့်မလဲ ဆိုတဲ့ဟာက ပိုအရေးကြီးပါတယ်။ ဒါကတော့ ကျနော်တို့ အားလုံးရဲ့ လုံခြုံရေးကိစ္စဖြစ်တယ် ပေါ့နော်။ တော်လှန်ရေး ကာလမှာလည်း ပိုပြီး‌တော့ အားကောင်းလာအောင်ပဲ ကျနော်တို့ မျှော်လင့်တယ် ပေါ့ နော်” ဟု ပြောသည်။

ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်နှင့် ပတ်သက်ပြီး သတိပေးချက်များ 

ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်နှင့် ပတ်သက်၍ သတိပေးချက် အနေဖြင့် ထိုကတ်ပြားသည် ကရင်နီပြည်တွင် နေထိုင်ခွင့် လက်မှတ်မဟုတ်ပါ၊ ကတ်ပြားအား လွှဲပြောင်းကိုင်ဆောင်ခြင်း မပြုရန်၊ ကတ်ပြားမပါရှိဘဲ ပြည်နယ် ခြား ပြည်သူများ ကရင်နီပြည်အတွင်း ဖြတ်သန်းခွင့် မရှိစေရေးနှင့် ကတ်ပြားအား တာဝန်ရှိသူမှ စစ်ဆေးသည့် အခါပြရမည် ဆိုသည့်အချက်များ အပါအဝင် အချက် ၇ ချက်ကိုလည်း ထည့်သွင်းထုတ်ပြန်ထားသည်။

ထို့အပြင် အဆိုပါ ကတ်ပြားကို ကရင်နီပြည်မှ ထွက်ခွာသည့် အခါ မပျက်မကွက် ပြန်လည်အပ်နှံရမည် ဖြစ် သည်။ သို့သော် အသက် ၁၀ နှစ်အောက် ကလေးများ ကိုင်ဆောင်ရန် မလိုကြောင်း၊ ကိုင်ဆောင်မည့်သူ၏ အလုပ်အကိုင်ပေါ်  မူတည်၍လည်း ကတ်အမျိုးအစားများ ခွဲထားကြောင်း IEC က ဆိုသည်။

ကတ်လုပ်ပေးသည့် အပေါ် ကရင်နီ လူထု၏ အမြင်

လက်နက်ကိုင် တော်လှန်ရေး စတင်ပြီးနောက် စစ်ကောင်စီသည် လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ကရင်နီပြည်ရှိ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ၊ စစ်ရှောင် စခန်းနေရာများနှင့် ကျေးရွာများ ပျက်စီးဆုံးရှုံးခဲ့သည်။ 

အဆိုပါ ဖြစ်စဉ်များနှင့်အတူ အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရခဲ့သည့် ဖြစ်စဉ်များသည် လုံခြုံရေး ကြီးကြပ်မှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။  ထို့ကြောင့် ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ် လုပ်သင့် သည်ဟု ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောသည်။

“ရိုးရိုးသားသားနေတဲ့ သူဆိုရင် ဒီဖြတ်သန်းခွင့်ကတ်က ဘာမှကျနော်တို့ အပန်းမကြီးပါဘူးဗျ။ ဒီဟာက လုံးဝ ကို လုပ်သင့်တယ်လို့ကျနော်မြင်ပါတယ်။ ဥပမာ ကျနော်တို့ ဘန်ကောက် စစ်ရှောင်စခန်းလိုပေါ့နော်။ ပထမ အကြိမ် ဗုံးကြဲလိုက်တယ်။ ကလေးအပါအဝင် ရှစ်ဦးသေတယ်။ နောက်ထပ်ဒုတိယအကြိမ် ထပ်ကြဲတယ်။ ဒီလို ဖြစ်စဉ်တွေက ကရင်နီပြည်နယ် နေရာအနှံ့အပြားမှာ ရှိတယ်။ ဟိုတစ်လောကပဲ ကျနော်တို့ တပ်ပေါင်းစုဂိတ်ရဲ့ အရှေ့မှာ ထမင်းဆိုင်မှာ လေယာဉ်နဲ့ ဗုံးကြဲလိုက်တယ်။ အပြစ်မဲ့ပြည်သူ ကဆိုင်မှာနေရင်းနဲ့ ဒါအသက်မပြည့် သေးတဲ့ ညီမငယ်လေး သူလည်း အသက်ပေးလိုက်ရတယ်ပေါ့။ ဒီလူစိမ်းတွေ၊ သူသျိုဒလန်တွေ မရှိလို့ရှိရင် ဒီလိုနေရာတွေက ဗုံးကြဲစရာအကြောင်း မရှိဘူးလေနော်။“

ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်သည် ကရင်နီပြည်အတွက် အရေးကြီးသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပြီး အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်သင့်သည် ဟု ဦးဇော်မင်းထိုက်က ဆက်ပြောသည်။

“ဖြတ်သန်းခွင့်ကတ်က အင်မတန်မှကို အရေးကြီးတယ်လို့ ကျနော်မြင်တယ်။ ဒီလိုကတ်လုပ်ထားတော့ ဒါက သူကဘယ်ကလာလဲ၊ ဘယ်အချိန်ကလာလဲ။ ဒီပြည်နယ်အတွင်းမှာ နေတာလား။ သူက ယာယီဖြတ်သန်းသွား တာလား။ ဥပမာ လေယာဉ်ကြဲရင်တောင်မှပဲ လက်နက်ကြီးထုရင် တောင်မှပဲ ဒီလိုအဝင်အထွက်တွေကို သေချာ စနစ်တကျရှိ ထားတော့ ကျနော်တို့ လူစိမ်းဆိုရင်လည်း လိုက်လို့လွယ်တယ်ပေါ့နော်။ အဲ့ဒါဆိုရင် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ကနေပြီး‌တော့ ဆိုင်ကယ်အားဖြင့် ကားအားဖြင့် ဘယ်သူဖြတ်သွားလဲ၊ ဘာလဲဆိုတာ ဒီမှတ်တမ်းအရ လိုက်မယ်ဆိုရင် လွယ်တယ်။ အဲ့ဒါကြောင့် ဖြတ်သန်းခွင့် ကတ်က ၁၀၀ ရာခိုင်နှုန်း လုပ်ကို လုပ်သင့်တယ်လို့ ကျနော်ြမင်ပါတယ်။” 

ကရင်နီပြည်သား မဟုတ်သည့် ပြည်နယ်ပြင်ပမှ ဖြတ်သန်းသွားလာမည့် သူများဖြစ်စေ၊ စစ်ရေးပဋိပက္ခကြောင့် ကရင်နီပြည်သို့ စစ်ဘေးရှောင် လာမည့် ပြည်သူများဖြစ်စေ ပြည်နယ်ခြား ဖြတ်သန်းခွင့် ကတ်ကို လုပ်သင့် ကြောင်း ကရင်နီဒေသတွင်း စစ်ဘေးရှောင်များ အကူအညီပေးနေသူများက ပြောသည်။

ကရင်နီစစ်ရှောင်များအား အကူအညီပေးနေသူ အမျိုးသားတစ်ဦးက “ကရင်နီပြည်နယ်မှာပေါ့နော် ပြည်နယ် ခြား ဖြတ်သန်းခွင့်ကတ်ကြောင့် တခြားပြည်နယ်က စစ်ဘေးရှောင်လာမယ့် လူတွေလည်း ထွေထွေထူးထူးတော့ အခက်အခဲ မရှိနိုင်ဘူးလို့ မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ စာသင်ကျောင်းမှာနေရင် စာသင် ကျောင်း စည်းကမ်း လိုက်နာရသလို၊ အိမ်မှာနေရင် အိမ်စည်းကမ်းဆိုတာ ရှိပါတယ်။ အဲ့တော့ ဒီပြည်နယ်မှာက အဓိကကတော့ ကျနော်တို့က ဒီလို ဖြတ်သန်းခွင့် ကတ်တွေဆိုတာ အခု ကျနော် တစ်ဦးတစ်ယောက်ရဲ့ အမြင် ပြောရရင် သူတို့လုပ်တာ နောက်တောင်ကျနေပါတယ်”ဟု ပြောသည်။

ကရင်နီပြည်သား မဟုတ်သည့် ခရီးသွား ပြည်သူလူထုများအား ကတ်ပြားဖြင့် ကရင်နီပြည်တွင်း ဝင်ထွက်ခွင့် ကြီးကြပ်သွားမည့်အပေါ်  မြိတ်မြို့မှ ကရင်နီဒေသသို့ ရောက်ရှိနေထိုင်သည့် တော်လှန်ရေး ရဲဘော်တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“အစ်ကိုလည်း တစ်ခြားဒေသကနေပြီးမှ ရဲဘော်လာလုပ်တယ်။ ကရင်နီပြည်ကို ရောက်နေတာ ၃ နှစ်ကျော်ပြီ ပေါ့နော်။ ဒီကဒ်ပြား ကိုင်ရမယ် ဆိုလည်း အစ်ကိုလည်း ကိုင်မှာပဲ။ ဘာကြောင့်လဲဆိုတော့ အဓိက ယုံကြည်မှု ပေါ့နော်။ ဒီကရင်နီက ပြည်သူပဲဖြစ်ဖြစ် တော်လှန်ရေး ရဲဘော်တွေပဲဖြစ်ဖြစ် ယုံကြည်မှုကို တည်ဆောက်တဲ့ သဘောပေါ့နော်။ ဒီကရင်နီပြည်ရဲ့ လုံခြုံရေး တစ်ခုလည်း ဖြစ်သွားတယ်ပေါ့။” 

လက်ရှိ ကရင်နီပြည်အတွင်း နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်ကို ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့တို့က ထိန်းချုပ် ထားပြီဖြစ်ပြီး အဆိုပါ နယ်မြေများထဲတွင် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ မွေးမြူ ရေး၊ ကျန်းမာရေး၊ မိခင်နှင့်ကလေး အစရှိသည့် ဌာနများကို ဖွင့်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီ ဖြစ်သည်။

ကရင်နီပြည်တွင်း မယ်စဲ့မြို့နယ်၊ မော်ချီးမြို့၊  နန်းမယ်ခုံမြို့၊  မိုးဗြဲမြို့ နှင့် ဆိုးတရှား (ခေါ်) ရှားတော မြို့နယ်တို့ကို ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့တို့က အပြည့်အဝ ထိန်းချုပ်ထားပြီ ဖြစ်သည်။

ဖားဆောင်း၊  ဘော်လခဲ၊  ဖရူဆို၊  ဒီးမော့ဆို၊  ဖယ်ခုံ နှင့် လွိုင်ကော်မြို့တို့တွင်မူ စစ်ကောင်စီ၏ အခိုင်အမာ တပ် စခန်းများ ကျန်ရှိနေဆဲဖြစ်ပြီး ကျေးလက်ဒေသ အများစုကိုမူ ကရင်နီတော်လှန်ရေးတပ်များက ထိန်းချုပ်ထား သည်။

လူထုက ဘာတွေ တောင်းဆိုထားသလဲ။ 

ပြည်နယ်ပြင်ပ ပြည်သူများသာ ကိုင်ဆောင်ရမည့် ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်နှင့် ပတ်သက်၍ လူဝင်မှုကြီး ကြပ်ရေးဌာန (လဝက) အနေဖြင့် အကောင်အထည်ဖော်သွားမည့် လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ ချပြ စေချင်သည်ဟု မြိတ်မှ ကရင်နီသို့ ရောက်ရှိနေထိုင်သည့် တော်လှန်ရေး ရဲဘော်က ပြောသည်။

“လက်ရှိ ရဲဘော်တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုတော့ လက်ရှိ ဒီဒလန်တွေပေါ့နော်။ ဒီဒလန် အတွက် အကြပ် ရိုက်သွားတဲ့ သဘောပေါ့နော်။ ဒီကရင်နီပြည်ရဲ့ လုံခြုံရေး တစ်ခုလည်း ဖြစ်သွားတယ်ပေါ့။ တစ်ခုရှိတာက တစ်ခြား တိုင်းဒေသကြီးက မဟုတ်ဘဲနဲ့ ဒေသခံတွေမှာလည်း ရှိနိုင်တယ်ပေါ့နော်။ ဒီအတွက် ဒီကတ်ပြားက လုပ်ဆောင်တဲ့ အဖွဲ့အစည်းလက်ရှိ ဒီ(လဝက)ပေါ့နော် သူတို့က ဘယ်လိုမျိုး လုပ်မလဲ။ ဒီဒေသခံတွေက သူတို့ ဘယ်လိုမျိုး စီမံပေးမလဲ။ အဲ့အတွက်လည်း သိချင်တယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်ကို မြင်ချင်တယ်ပေါ့နော်။ အဲ့ဒါမှပဲ ဒီမှာရှိနေတဲ့ လူတိုင်းကို ခွဲခြားဆက်ဆံတဲ့ သဘောမျိုး မဟုတ်ဘဲ ဖြစ်သွားမှာပေါ့နော်။” 

ကရင်နီပြည်၏ အရေးကိစ္စများကို ဆောင်ရွက်ရာတွင် ကရင်နီပြည်ရှိ ဒေသခံ ပြည်သူများ၏ သဘောထား များကို ဦးစွာ တောင်းခံသင့်သည်ဟု တင်ပြချက်များလည်း ရှိသည်။ 

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက “ကြားကာလအစိုးရ ယာယီအစိုးရပေါ့ တစ်ခုခု လုပ်မယ်ဆိုရင် တကယ် ပြည်သူလူထုရဲ့ သဘောဆန္ဒ၊ ပြည်သူလူထု ဖြစ်စေချင်တဲ့ဟာကို အရင်ဆုံး ဦးစားပေး ချင်တယ်။ ဒါက ယာယီအစိုးရ ဖြစ်တဲ့အခါမှာ ကိုယ့်ရဲ့ သဘောနဲ့ကိုယ် လုပ်ဆောင်လို့ မရဘူးလေး။ ကိုယ်လုပ် ဆောင်ပြီးမှ ပြည်သူတွေကို ချပြ အဲ့လိုမျိုးဆို အဆင်မပြေဘူး။ မလုပ်ဆောင်ခင်မှာ ပြည်သူတွေကို အရင် ဦးဆုံး ချပြသင့်တယ်။ နောက်ပြီး ပေါ်လစီတွေ ချပြရမှာ။ ပြီးတော့မှ လုပ်ဆောင်သင့်လား မလုပ်ဆောင်သင့် လား ဆိုတာလည်း ဒါအစိုးရရဲ့ လုပ်ငန်းကိစ္စတစ်ရပ် ဖြစ်ပါတယ်ပေါ့” ဟုပြောသည်။

တစ်ဖက်တွင်လည်း ကယားပြည်နယ်အတွင်း လွတ်လပ်စွာ ဝင်ထွက်ခွင့်အပေါ် ပြည်နယ်ခြား ဖြတ်သန်းခွင့် ကတ်နှင့် ထိန်းချုပ်လိုက်သည်ကို လက်မခံသောသူများလည်း ရှိနေသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းပြီးနောက် ပြည်ထဲရေးဌာန လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) စတင်ဖွဲ့စည်းခဲ့ကြသည်။

ထို့နောက် လက်ရှိအချိန်သည် ပြည်တွင်း ဝင်ထွက်ခွင့်ကို ကြီးကြပ်ရန်၊ ဒေသတွင်း လုံခြုံရေးကိစ္စရပ်များကို ကြပ်မတ်ရန် လိုအပ်လာသည့်အတွက် ယခုကဲ့သို့ ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်အား လုပ်ဆောင်သွားရန် ပြင်ဆင်နေကြောင်း ချပြရခြင်းဖြစ်သည်ဟု ဦးဗညားက ပြော သည်။ 

ဦးဗညားက “အမှန်တော့ ဒီ process က အားလုံးပြီးမှပဲ ကျနော်တို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ အခုမှ ရုတ်တရက် ထလုပ်တဲ့ဟာမျိုး မဟုတ်ပါဘူးလို့ ပြောချင်တယ်။ နံပါတ် တစ်ချက်။ နံပါတ်နှစ် တစ်ချက် အနေနဲ့ ဒီဟာ Category တွေ အများကြီး ရှိတယ်။ ကျနော်တို့ ပြည်နယ်သူ ပြည်နယ်သားအတွက်က နောက်ပိုင်း ကျရင်တော့ ပြည်နယ်သူ/သားနဲ့သက်ဆိုင်တဲ့အချက်အလက် သီးသန့်လုပ်တာ ရှိမှာပေါ့နော်။ အခုဟာက သွား လာတဲ့ဟာကိုစနစ်တကျပေါ့နော်။ စီမံနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့က အားလုံး လုံလုံခြုံခြုံနဲ့ ပြည် နယ်ထဲမှာ ဝင်ထွက်သွားလာနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလဝက လုပ်ငန်းစဉ်တစ်ခု အနေနဲ့ ကျနော်တို့ ချမှတ် ထားတာဖြစ်ပါတယ်” ဟု ပြောသည်။

တော်လှန်ရေးကာလ အလွန် အသွင်ကူးပြောင်းရေး ကာလတွင်လည်း အဆိုပါ သတ်မှတ်ချက်ကို ဆက်လက် အကောင်အထည်ဖော် သွားမှာဖြစ်ပြီး အသေးစိတ်ကိုမူ ထပ်မံကြေညာသွားမည်ဟု IEC တာဝန်ရှိသူက ဆိုသည်။

ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်များ ထုတ်ပေးရေးကိစ္စနှင့် ပတ်သက်၍  လူထုအသိပညာပေး လုပ်ငန်းများ လုပ် ဆောင်သွားမည် ဖြစ်ပြီး ဖြတ်သန်းခွင့်ကတ် လျှောက်ထားရမည့် လုပ်ငန်းစဉ် အကြောင်းကိုလည်း သတင်း ထုတ် ပြန်သွားမည်ဟု IEC က ဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း IEC ၏ လူဝင်မှု ကြီးကြပ်ရေးဌာနက ကရင်နီပြည်အတွင်း နေထိုင်သူများနှင့် အခြား ပြည် နယ်၊ တိုင်းတွင် နေထိုင်သူများမှ ဝင်ထွက်သွားလာမှုအား စနစ်တကျ ကြီးကြပ်ဆောင်ရွက်ခြင်း၊ သတ်မှတ် စည်း မျဉ်း စည်းကမ်းများနှင့် မညီညွတ်ဘဲ ဝင်ထွက်သွားလာခြင်း၊ နေထိုင်ခြင်းများအား စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်ခြင်းနှင့် နိုင်ငံခြားသားများ ဝင်ထွက်သွားလာနေထိုင်မှုများအား ဥပဒေ ပြဌာန်းချက်များနှင့် အညီ ကြပ်မတ် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည် ဟုဆိုသည်။ 

IEC ၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ အဆိုပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ နည်းပညာပိုင်းဆိုင်ရာ အပြင် အခြား အခက်အခဲများစွာလည်း ရှိနေသေးသည်ဟု IEC က ဆိုသည်။