ဘုရားဖူး ၅၀ ခန့်ဖမ်းဆီးသည်ဆိုခြင်းမှာ မဟုတ်ကြောင်း PDF ငြင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်။ 

ကျိုက်ထီးရိုး ဘုရားဖူး ၅၀ နီးပါး PDF က ဖမ်းဆီးသွားသည်ဆိုသော စစ်ကောင်စီ၏ ထုတ်ပြန်ချက်ကို PDF တာဝန်ရှိသူများက ငြင်းဆိုလိုက်သည်။ 

မွန်ပြည်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီကို လာကြသည့် ဘုရားဖူး ၄၈ ဦးကို PDF အဖွဲ့က ဖမ်းဆီးသွား သည် ဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိဟု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF က ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန် ငြင်းဆိုလိုက်သည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာ၌ ဧပြီလ ၁၇ ရက်နေ့ ဖော်ပြချက်နှင့် ပတ်သက်ပြီး 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အမှတ် (၂၇) စစ်ဗျူဟာ တာဝန်ခံ ရဲဘော်အေးမင်းထွန်းက ရုပ်သံနှင့် တကွ ထုတ်ပြန် ရှင်းပြခဲ့သည်။

ကျနော်တို့ ၁၅ ရက်နေ့မှာပေါ့ ညောင်လေးပင်ကနေပြီးတော့ ပျူစောထီးတွေ ပါလာတဲ့ကား အဲ့ဒီကားတွေက ကျနော်တို့ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာ၊ ကဒက်ချောင်း ရေတံခွန်မှာ ရှိနေတယ်ဆိုတာ သိရတယ် ပေါ့နော်။ သတင်းရတယ်ပေါ့နော်။ အဲ့ဒီသတင်းအရ ဖမ်းဆီးတာ ဖြစ်တယ်။ ကျနော်တို့ကို အနည်းငယ် ခုခံတာ ပေါ့နော်။ ပျူစောထီးခေါင်းဆောင် အပါအဝင်ပေါ့နော်။ အဲ့ချိန်မှာတော့ အကုန်လုံး မသိရသေးဘူး။ အဲ့ဒီမှာ မိသားစုတွေ ပါလာတယ်။ မိသားစုတွေမှာ ကလေးတွေရော မိန်းမတွေရော အားလုံးကို လုံခြုံရေးအရ ခေါ်သွား တာပေါ့နော်။ ဘယ်သူက ပျူစောထီး၊ ဘယ်သူက မိသားစုဝင်ဆိုတာ မသဲကွဲသေးတဲ့အတွက် လတ်တလော ခေါ် ဆောင်သွားတာ ဖြစ်တယ်။

မြန်မာ့အလင်း သတင်းစာတွင် ဘုရားဖူးလာကြသည့် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၄၈ ဦးမှာ ကင်မွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းရှိ ဝါဆိုမိုးစားသောက်ဆိုင်၌ ထမင်းစားနေချိန် PDF အဖွဲ့က ဖမ်းဆီးပြီး ကားပေါ် ခေါ်တင်သွားသည်ဟု ဆိုသည်။

တာဝန်ခံ ရဲဘော်အေးမင်းထွန်းက ပျူစောထီးခေါင်းဆောင် ဦးလှိုင်မင်း၊ ကိုမဲကြီး အပါအဝင် မိသားစုဝင် ၄၈ ဦး ကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ပြီး သက်ဆိုင်မှု မရှိသော သူများကို ပြန်လွှတ်ပေးလိုက်ပြီဟု ဆက်ပြောသည်။

ကျနော်တို့ စစ်ဆေး ပေါ်ပေါက်ချက်တွေအရ ပျူစောထီးခေါင်းဆောင် လှိုင်မင်း ညောင်လေးပင်ကပေါ့၊ သူ အပါ အဝင် ၅ ဦးပေါ့နော် သူ့ဇနီးမယမင်းပေါ့ အဲ့ဒါတွေကိုတော့ ကျနော်တို့ လက်ရှိ ထိန်းသိမ်း စစ်ဆေး နေဆဲ ဖြစ်ပါတယ်။ ကျန်တဲ့ မိသားစုဝင်တွေကိုတော့ ၁၈ ရက်နေ့မှာ ကျနော်တို့ ကောင်းမွန်စွာ ကျွေးမွေး စောင့်ရှောက် ပြီးတော့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်တယ်ပေါ့နော်။ အပြစ်ရှိတဲ့သူကိုတော့ အပြစ်ရှိတဲ့အတိုင်း စစ်ဆေးဖော်ထုတ် သွားမှာ ဖြစ်တယ်။ ဒါကို ပြည်သူလူထုကို ချပြခြင်း ဖြစ်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့ လက်ရှိအချိန်ထိ ဆက်လက် ဖမ်းဆီးထားသူ ၅ ဦးကို စစ်ဆေးမေးမြန်းနေပြီး စစ်ဆေးမှုများ လုပ်ပြီးပါက အပြစ်ရှိသည့်အတိုင်း အရေးယူသွားရန်လည်း စီစဉ်ထားသည်ဟု ဆိုသည်။

စစ်ကောင်စီ ထောက်ခံသူများနှင့် စစ်လော်ဘီများက အင်တာနက်စာမျက်နှာများတွင် မဟုတ်မမှန် သတင်းများ ကို ဖြန့်ဝေနေသည့်အတွက် ယခုကဲ့သို့ ရှင်းလင်းရခြင်း ဖြစ်သည်ဟု ရဲဘော်အေးမင်းထွန်းက ပြောသည်။