အညာဒေသတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်လာနိုင်ဟု ABSDF ဥက္ကဌ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်။ 

အညာဒေသဟု လူသိများသည့် မြန်မာပြည် အတွင်းပိုင်း ဒေသများ၌ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ် ပွား လာနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲက ပြောသည်။

၂၀၂၅ ခုနှစ်၏ အဓိက ပြည်တွင်း စစ်မျက်နှာပြင်မှာ အညာဒေသ ဖြစ်လာနိုင်သလို စစ်အာဏာရှင် ဖြုတ်ချရေးကို အဆုံးအဖြတ်ပေးနိုင်မည့် တိုက်ပွဲများလည်း ပေါ်ပေါက်လာနိုင်သည်ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ က ပြောသည်။

ကျောင်းသား တပ်မတော် အနေနဲ့ ၂၀၂၅ ဟာ ကျနော်တို့ တိုင်းပြည်အတွက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ် ရှားမှုမှာ အချိုးအကွေ့ကြီး တစ်ခုကို ပေးနိုင်တဲ့ ပိုင်းဖြတ်ချက်တစ်ခုကို ရောက်မယ့် အချိန်တစ်ခုလို့လည်း ကျနော်တို့ မြင်တယ်။ အဲဒီဟာနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင် တော်လှန်ရေးမှာ ကျနော်တို့တတွေ အဓိက စစ်မျက်နှာဟာ ပြည်တွင်းစစ်မျက်နှာ ဖြစ်လာလိမ့်မယ်လို့ မြင်တယ်။ အဲတော့ ပြည်တွင်းစစ်မျက်နှာလို့ ပြောရင် အခုနက ပြောတဲ့ ဧရာဝတီ ချင်းတွင်း မြေပြန့်ဒေသ ကြီးဟာ စစ်အာဏာရှင် စနစ်နဲ့ ပြည်သူလူထုနဲ့ တကယ့်ကို ရေထဲမိုးထဲ ကျနော်တို့ အဆုံးအဖြတ် ပေးမယ့် တိုက်ပွဲတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။” 

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း စသည့် တိုင်းဒေသကြီးများမှာ အညာဒေသထဲတွင် ပါဝင်ပြီး အဆိုပါ တိုင်းဒေသကြီးများထဲ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟု ဆိုသည်။

လက်ရှိ ကျောင်းသားတပ်မတော် ABSDF အနေဖြင့် အညာဒေသထဲတွင် စစ်ရေးလှုပ်ရှားမှု ရှိနေပြီး အဆိုပါ ဒေသအတွင်းက သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တော်လှန်သွားမည်ဟု ဆိုသည်။ 

ရဲဘော်သံခဲက ဒါကြောင့်မို့ အညာဒေသမှာ ရှိနေတဲ့ ဒီမိုကရေစီ အင်အားစုတွေ ဒေသန္တရ ကာကွယ်ရေး တပ်ဖွဲ့ ဝင်တွေနဲ့ မက ဒတ ကျောင်းသားတပ်မတော်ဟာ ရင်းရင်းနှီးနှီးလက်တွဲပြီး တိုက်ပွဲဝင်မှာ ဖြစ်သလို ကျနော်တို့ နားလည် ခဲ့တဲ့ နိုင်ငံရေး အသိတွေ ကျနော်တို့ နားလည်ခဲ့တဲ့ လူထု စည်းရုံးရေး အသိတွေ ကျနော်တို့ နားလည်ခဲ့ တဲ့ စစ်ရေး အသိတွေကို ပေါင်းစပ်ဖလှယ်မယ်။ ကျနော်တို့ မျှဝေမယ်။ ကျနော်တို့ အတတ်နိုင်ဆုံး ကျနော်တို့ အားလုံး ကြားမှာ ထိန်းညိပြီးတော့မှ အားလုံးစည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်နိုင်ဖို့အတွက် ကြိုးပမ်းသွားမယ်လို့ ဒီနေရာ က နေပြီးမှ ပြောလိုပါတယ် ဟု ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် အညာဒေသတွင် စစ်တပ်၏ အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ရန်နှင့် ဒေသခံ ပြည်သူများကို အကာအကွယ်ပေးရန်ဆိုပြီး ဒေသအတွင်း၌ ကာကွယ်ရေးတပ်ဖွဲ့များ အများအပြား ပေါ်ပေါက် လာခဲ့သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်များ ရှိသကဲ့သို့ NUG လက် အောက်က မဟုတ်သော ရပ်ရွာအခြေပြု ဒေသန္တရ ကာကွယ်ရေးတပ်များလည်း ပေါ်ပေါက်လာခဲ့ကြသည်။

တချိန်တည်းမှာပဲ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ကလည်း မကြာခင်တွင် အထွေထွေ ထိုးစစ်ကြီးတစ်ရပ် ဆင်နွဲရန် ပြင်ဆင်နေသည်ဟု မတ်လကုန်ပိုင်းက ကျင်းပခဲ့သည့် သင်တန်းဆင်းပွဲ တစ်ခုတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။