ပင်လယ်မှ စစ်ကြောင်းနှင့် ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲ ဖြစ်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်။
ပုလောမြို့နယ်ထဲ ပင်လယ်ဘက်မှ စက်လှေများဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။
တိုက်ပွဲကြောင့် တောင်ခေါင်းလောင်း၊ ကုလားမခေါင်းနှင့် ခန္တီကျေးရွာတို့မှ ရွာသားများ အားလုံးနီးပါး ဇွန်လ ၁၇ ရက်အထိ မိုးထဲလေထဲတွင် ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု စစ်ရှောင်နေသူ အမျိုးသမီးတစ်ဦးက ဆို သည်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုအတွင်းရှိ တောင်ခေါင်းလောင်းကျေးရွာသို့ ဇွန်လ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ကင်းမွန်မီးထွန်းစက်လှေ ၂ စီးဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား ၄၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း တောင်ခေါင်းတောင် ရွာသားများက ပြောသည်။
အသက် ၄၀ ခန့်အရွယ် တောင်ခေါင်း လောင်းရွာသားတစ်ဦးက “လက်နက်ကြီးတွေက ရေကြောင်းရော၊ ကုန်း ပေါ်ကရော ပစ်နေတာ၊ ကုလားမခေါင်းနဲ့ တောင်ခေါင်းလောင်းရွာမှာတော့ ရွာသားတွေမရှိကြတော့ဘူး၊ နီးစပ် ရာမှာ ရှောင်တိမ်းနေကြရတယ်၊ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိလို့ ဥယျာဥ်ကမ်းရွာမှာ ဝင်ကပ်ပြီး ဆေး ကုနေတယ်” ဟု ပြောသည်။
တိုက်ပွဲ ဖြစ်ပွားနေစဥ်တွင် တောင်ခေါင်းလောင်းကျေးရွာဘက်သို့ ပြင်ဘုကြီးကျေးရွာ ရေပြင်အနီးရှိ စစ်သင်္ဘော ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကထောင်းနီကျေးရွာတွင် ရှိနေသည့် စစ်ကောင်စီ တပ်ဖွဲ့ကလည်း ခန္တီကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ကူပေးခဲ့သည်။
ဇွန်လ ၁၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ဥယျာဉ်ကမ်းကျေးရွာဘက်မှ စစ်ကောင်စီ လှေများ ပြန်ထွက် လာချိန်တွင်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သေးကြောင်း ရွာသားများက ဆိုသည်။
ထိုနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ခန့်ပါသည့် အခြားစက်လှေတစ်စီးဖြင့် ခန္တီကျေးရွာ ၏ တစ်ဖက်ကမ်းတွင်ရှိသည့် ပြင်ဘုငယ်ကျေးရွာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့ပြီး စစ်ရေးတင်းမာ နေသဖြင့် အချိန်မရွေး တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်နေသည့် အခြေအနေမျိုး ဖြစ်နေသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးသော်လည်း ပြည်သူ့ကာ ကွယ်ရေး ပူပေါင်းတပ်ဖွဲ့များဘက်တွင် ထိခိုက်မှုမရှိကြောင်း ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
စောင့်ကြို တိုက်ခိုက်မှုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ (၁)၊ ပုလော – ပကဖ၊ KNDO၊ KNLA စသည့်တပ်များ ပူးပေါင်းပါဝင်ခဲ့ကြသည်။