ဖမ်းဆီးလာစဉ် ထွက်ပြေးသော ကျေးရွာ အုပ်ချုပ်ရေးမှူးကို ပစ်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်ဆေးရန် ခေါ်လာစဥ် ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန်သေဆုံးသွားသည်ဟု မြိတ်ခရိုင် တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက မဲတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကို ဇူလိုင်လ ၅ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
မြိတ်ခရိုင် တပ်ရင်း – ၂ တာဝန်ရှိသူက “အတန်တန် သတိပေးပြီးသားပါ။ မူးယစ်ဆေးရောင်းတယ်၊ သုံးလည်း သုံး တယ်။ စစ်မှုထမ်းအတွက်လည်း ပိုက်ဆံကောက်တာတွေ လုပ်တယ်။ ဒါတွေ မလုပ်ဖို့ သတိပေးပြီးသား အဲ့ဒါလည်း ဆက်လုပ်နေလို့ ဖမ်းတာပါ။ သူ့ကို သူ့အိမ်မှာပဲ ဖမ်းမိတာပါ” ဟု ပြောသည်။
ဦးအောင်မြင့်အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အတန်တန် သတိပေးနေခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ကိုယ်တိုင် သုံးစွဲခြင်းများနှင့် စစ်မှုထမ်း တပ်သားသစ်များ ခေါ်ယူနေခြင်းတို့အတွက် ငွေကြးကောက်ခံနေခြင်းများကြောင့် စစ်ဆေးရန်အတွက် နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့သည်ဟု ဒေါင်းနက်အဖွဲ့ဝင် တစ်ဦး က ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်လာစဉ် ချောင်းကြီးဝကျေးရွာ အနီးသို့ အရောက်၊ ကျေးရွာအရှေ့တွင် ရှိနေသည့် စစ်သင်္ဘော တစ်စီးမှ ပူးပေါင်းတပ်ဖွဲ့ဝင်များ ရှိရာ ဘက်သို့ ပွိုင့်ဖိုက်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ကောင်စီ သင်္ဘောမှ ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များက နေရာယူ လှုပ်ရှားနေစဉ် ဖမ်းဆီးလာသူ ဦးအောင်မြင့်က အခွင့်ကောင်းယူပြီး ထွက်ပြေးရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် ဦးအောင်မြင့်အား မလွဲမရှောင်သာ ပစ်ခတ် ဖမ်းဆီးရခြင်းဖြစ်ကြောင်း မြိတ်ခရိုင် တပ်ရင်း ၂ မှ သတင်း ထုတ်ပြန်ထားသည်။
ဦးအောင်မြင့်အား ခေါ်ဆောင်လာရာ လမ်းတစ်လျှောက်တွင်လည်း စိတ်ပုံမှန်မဟုတ်ဘဲ ဆေးကြောင်နေသည့် လက္ခဏာကိုလည်း တွေ့ရှိရသည်ဟု ဆိုသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခဲ့မှုကို မြိတ်ခရိုင် အမှတ် ၂ တပ်ရင်း၊ တနင်္သာရီမြို့နယ် ပကဖ – ဇုန် ၆ နှင့် ဒေါင်းနက် အဖွဲ့တို့ ပူးပေါင်းလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း – ၂ တာဝန်ရှိသူက ပြောသည်။