ရှမ်းမြောက် ဗုံးကြဲမှု အရပ်သား ထိခိုက်မှုများရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
ရှမ်းမြောက်ဒေသထဲက သီပေါမြို့နှင့် မိုင်းငေါ့မြို့နယ်တို့အား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့ရာ အရပ်သား ထိမှန်သေဆုံးမှုများ ရှိခဲ့သည်။
မိုင်းငေါမြို့နယ်ထဲက မန်ပင့်တံတားကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ တစ်ဦး သေဆုံးခဲ့ပြီး၊ ၃ ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့သည် ဟု တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၁၅ ရက်နေ့၊ နေ့လည် ၁၂ နာရီ၊ ၅၀ မိနစ် အချိန်တွင် စစ်ကောင်စီတပ်က မိုင်းငေါ့မြို့နယ်ထဲက မန်ပင့် တံတားနား တဝိုက်ကို ပေါင်း ၂၅၀ ဗုံး နှစ်လုံး လာကြဲသွားခြင်း ဖြစ်သည်။
မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက “စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာ။ ပေါင် ၂၅၀ ဗုံးနော် နှစ်လုံး လာကြဲတယ်။ ဗုံးက မန်ပင့်တံတားနားမှာ ကျပေါက်တော့ အပျက်အစီးရှိတယ်။ ဒီတံတားက မိုင်းငေါ့ – ကျောက်မဲ အထွက်ပေါ့နော်။ ဗုံးကြောင့် ဒီမန်ပင့်တံတားလည်း ဗုံးစထိမှန်ပြီး ပျက်စီးသွားတယ်” ဟု ပြော သည်။
အလားတူ ရှမ်းမြောက်ဒေသထဲ သီပေါမြို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ နှစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်။
ဒေသခံ အမျိုးသား နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင် အမျိုးသမီးတစ်ဦး၊ အမျိုးသား ၄ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်ဟု သီပေါမြို့ခံများက ပြောသည်။
သီပေါမြို့ပေါ်က တောင်မြို့ရပ်ကွက်ကို ဇူလိုင်လ ၁၄ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သီပေါ ဒေသခံတစ်ဦးက “ကျနော်တို့ သီပေါ တောင်မြို့ရပ်ကွက်မှာ ကျတာ။ သေတာက အမျိုးသား နှစ်ယောက်နော်။ သေသွားတဲ့ နှစ်ယောက်က ဒီရွှေလုံးအလှပြင်ဆိုင် ပိုင်ရှင်နဲ့ ဆိုင်ရှေ့မှာရှိနေတဲ့ ဆိုင်ကယ် ကယ်ရီသမားပေါ့နော်။ သေသွားတဲ့လူတွေကလည်း ကိုယ့်အသိတွေပဲ။ စိတ်မကောင်းဘူးဗျာ” ဟု ပြောသည်။
ထို့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ၌ နေအိမ် ၅ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်။
သီပေါမြို့အား ဇူလိုင်လ ၁၄ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာ ယခုလအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ဇူလိုင် ၄ ရက်ကလည်း သီပေါမြို့ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အစိုးရ အဆောက်အအုံ ၅ လုံးနှင့် နေအိမ် ၈ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့သည်။
ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ စစ်ကောင်စီတပ်က၏ လေကြောင်းဗုံးကြဲမှုများမှာ ကျောက်မဲမြို့ အား ၆ ကြိမ်၊ နောင်ချိုမြို့နယ်၌ တစ်ကြိမ်၊ မိုးကုတ်မြို့ကို နှစ်ကြိမ်နှင့် သီပေါမြို့ကို ၂ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု တအာင်းတပ် TNLA ထုတ်ပြန်ထားသည်။