အစ္စရေးက ဂါဇာရှိ ဆေးရုံကို ပစ်ခတ်၊ သတင်းသမား ၅ ဦးအပါအဝင် လူ ၂၀ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။

ဂါဇာကမ်းမြောင်က ဆေးရုံတစ်ခုကို အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ လူ ၂၀ ထဲတွင် သတင်းသမား ၅ ဦး ပါဝင်ခဲ့သည်။ 

ပထမတစ်ချက် ပစ်ခတ်မှုသည် ဆရာဝန်များ နေထိုင်ရာ အခန်းများနှင့် ခွဲစိတ်ခန်းများရှိရာ (Nasser) နာ့ဆာ ဆေးရုံ၏ စတုတ္ထထပ်ကို ထိမှန်ခဲ့သည်ဟု ဂါဇာကျန်းမာရေး ဝန်ကြီးဌာန၏ မှတ်တမ်းဌာန တာဝန်ခံက AP သတင်းဌာနကို ပြောသည်။ 

ဒုတိယ ပစ်ခတ်မှုမှာ ဆေးရုံ၏ပြင်ပ လှေကားကို ထိမှန်ခဲ့ပြီး လူ ၁၇ ဦး သေဆုံးခဲ့သည်။ ထိုအထဲတွင် ကျန်းမာရေးအဖွဲ့ဝင်များ၊ ကယ်ဆယ်ရေး လုပ်သားများနှင့် သတင်းသမားများ ပါဝင်သည်။ 

တိုက်ခိုက်မှုကို ဩဂုတ်လ ၂၅ ရက်နေ့တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

သတင်းသမားများသည် အင်တာနက် လိုင်းမိရန်နှင့် တိုက်ရိုက်ရုပ်သံ လွှင့်ထုတ်မှုများ အတွက် အပြင် လှေကားကို အသုံးပြုလေ့ရှိကြသည်ဟု ဆိုသည်။ 

သေဆုံးသွားသော သတင်းသမားများတွင် ရိုက်တာ သတင်းဌာနမှ ကင်မရာသမား ဟူဆမ် အယ်လ် မဆရီ (Hussam al-Masri)၊ အလွတ်တန်း သတင်းထောက် Mariam Dagga (မေရီယမ် ဒက်ဂါ)၊ Al jazeera နှင့် Middle East Eye သတင်းဌာနများ အတွက် အလုပ်လုပ်ပေးနေသော မိုဟာမက် ဆလာမာ (Mohammed Salama)၊ Middle East Eye သတင်းဌာန၏ အလွတ်တန်း သတင်းသမား အဖြစ် အလုပ် လုပ်နေသူ အာမက် အဘူ အာဇစ် (Ahmad Abu Aziz) နှင့် သတင်းဌာန အတည်ပြုချက် မရသေးသည့် မိုအာ့စ် အဘူ တာဟာ (Moas Abu Taha) တို့ ဖြစ်ကြသည်ဟု BBC သတင်းက ဖော်ပြသည်။ 

နိုင်ငံခြား သတင်းသမား အစည်းအရုံး FPA က အစ္စရေး စစ်တပ်နှင့် ဝန်ကြီးချုပ်ရုံး အနေဖြင့် သတင်းသမားများ အား တိုက်ခိုက်မှုအတွက် ချက်ချင်း ဖြေရှင်းချက် ပေးရန် တောင်းဆိုခဲ့သည်။ 

အစ္စရေး စစ်တပ်က ကြေညာချက်ထုတ်ပြန်ရာတွင် ထိုနယ်မြေကို တိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း ဝန်ခံထားပြီး မသက်ဆိုင်သူများ ပါဝင်သွားသည့်အတွက် ဝမ်းနည်းကြောင်းနှင့် သတင်းသမားများကို ပစ်မှတ် မထားခဲ့ကြောင်း ဖော်ပြထားသည်။ 

လွန်ခဲ့သည့် နှစ်ပတ်ကလည်း Al jazeera က သတင်းထောက် ၄ ဦး အပါအဝင် သတင်းသမား ၆ ဦး သေဆုံးခဲ့ သည့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးသည်။ ထိုတိုက်ခိုက်မှုမှာလည်း အခြား ဆေးရုံတစ်ခုအနီးတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။   

ဂါဇာ စစ်ပွဲသည် သတင်းသမား သေဆုံးမှု အများဆုံး ဖြစ်ပွားသည့် စစ်ပွဲလည်း ဖြစ်သည်။ 

သတင်းသမားများ ကာကွယ်ရေး ကော်မတီ (Committee to Protect Journalists – CPJ) ၏ ထုတ်ပြန်ချက် အရ ယခု စစ်ပွဲအတွင်း သေဆုံးသွားသည့် သတင်းသမား ၁၉၂ ဦး ရှိပြီ ဖြစ်သည်။