ယူကရိန်းလေပိုင်နက်ထဲ မပျံသန်းရ ဇုံ သတ်မှတ်ရန် ပိုလန် အကြံပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ NATO (နေတိုး) အဖွဲ့အနေဖြင့် လေယာဉ်မပျံသန်းရ ဇုံ တစ်ခုကို ယူကရိန်းနိုင်ငံ လေပိုင်နက်ထဲတွင် သတ်မှတ်သင့်သည်ဟု ပိုလန်နိုင်ငံက အကြံပြုလိုက်သည်။
ပိုလန် နိုင်ငံခြားရေး ဝန်ကြီး Radoslaw Sikorski က NATO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မဟာမိတ် နယ်မြေများနှင့် ပြည်သူများအား ရုရှားဒရုန်းရန်မှ ကာကွယ်ရန် ယူကရိန်းလေပိုင်နက်ထဲတွင် လေယာဉ်မပျံသန်းရ ဇုံတစ်ခု သတ်မှတ်သင့်သည်ဟု အကြံပြုလိုက်ခြင်း ဖြစ်သည်။
ပိုလန်နိုင်ငံခြားရေး ဝန်ကြီး၏ အကြံပြုချက်သည် မကြာသေးမီက ရုရှားဒရုန်းများ ပိုလန် လေပိုင်နက်ကို ကျူးကျော်လာခဲ့ခြင်းကြောင့် NATO တိုက်လေယာဉ်များက ပစ်ချလိုက်ပြီးနောက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဤကိစ္စကို ပိုလန် တစ်နိုင်ငံထဲအနေဖြင့် လုပ်၍ မရသော်လည်း နေတိုးနှင့် EU မဟာမိတ်များအနေဖြင့် လုပ်နိုင်သည့် ကိစ္စ ဖြစ်သည်ဟု ဂျာမန် သတင်းစာတစ်စောင်ကို ပိုလန်ဝန်ကြီးက ပြောသည်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက် ၂၀၂၂ ခုနှစ်အတွင်းက NATO မဟာမိတ်များသည် ယူကရိန်းလေပိုင်နက်ကို လေယာဉ်မပျံသန်းရဇုံ သတ်မှတ်ရန် ဆွေးနွေးခဲ့ဘူးသေးသည်။ သို့သော်လည်း ရုရှား တိုက်လေယာဉ်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ကို စိုးရိမ်သည့်အတွက် အဆိုပါ အစီအစဉ်ကို ငြင်းပယ်ခဲ့ကြသည်။
ယခုအကြိမ် ပိုလန် ဝန်ကြီး Sikorski ၏ အဆိုပြုချက်မှာ NATO နိုင်ငံများနှင့် ထိစပ်နေသော ယူကရိန်း နယ်စပ်သို့ ချည်းကပ်လာမည့် ရုရှားဒရုန်းများကိုသာ ရည်ရွယ်ထားပုံလည်း ရသည်။