မင်းတပ် စာသင်ကျောင်း ဗုံးကြဲခံရ၊ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်း အမျိုးသမီး ၁ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။

ချင်းပြည်၊ မင်းတပ်မြို့နယ်ထဲ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးများနှင့် မသန်စွမ်း အမျိုးသမီး အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့သည်။

မင်းတပ်မြို့နယ်ထဲက ထင်ချောင်းကျေးရွာရှိ စာသင်ကျောင်းဝင်းထဲ ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လေကြောင်း ဗုံးကြဲခံရမှုကြောင့် အထက်တန်းကျောင်းသား ၃ ဦးအပြင် ကျောင်းဝင်းထဲက မသန်စွမ်း အမျိုးသမီး တစ်ဦး ထိမှန်သေဆုံးသွားခဲ့သည်။

CDF – Mindat သတင်းပြန်ကြားရေး နှင့် မှတ်တမ်းဌာန က အကြမ်းဖက် စစ်ကောင်စီက မင်းတပ်မြို့နယ် တိုက်နယ် ၂ ရှိ ကျေးရွာ (၂) ရွာကို မနေ့ ညနေ ၃ ကြိမ်ပေါ့နော် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ တိုက် ခိုက်မှုများကြောင့် ကျေးရွာရှိ ဘော်ဒါဆောင်များတွင် ပညာ သင်ကြားနေကြသော ကျောင်းသား ၃ ဦး၊ အဆောင်နေ မသန်စွမ်း အမျိုးသမီး တစ်ဦးတို့ သေဆုံးတယ်။ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ စာသင်ဆောင်တွေ အပါအဝင် ပြည်သူနေအိမ် ၆ လုံး ထိခိုက် ပျက်စီးခဲ့တယ် ဟု ပြောသည်။

ကျေးရွာအတွင်းရှိ ဘော်ဒါကျောင်းဆောင်နှင့် စာသင်ကျောင်းကို အဓိကထား ဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။

အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းတွင် လေကြောင်းမှာ ဗုံးကြဲခဲ့ခြင်းကြောင့် ကျောင်းဝင်းထဲက ကလေးများ စာကျက်နေသည့် နေရာ၌ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ၄ ဦးအပြင် ကျောင်းသူ၊ ကျောင်းသား ၁၅ ဦးလည်း ထိမှန်ဒဏ်ရာ ရခဲ့သည်ဟု မြေပြင် သတင်း အရင်းအမြစ်က ပြောသည်။

လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံရမှုမကြောင့် စာသင်ဆောင်များ အပါအဝင် နေအိမ် (၆) လုံးလည်း ထိမှန် ပျက်စီးကုန်သည်ဟု CDF – Mindat အဖွဲ့က အောက်တိုဘာလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထား သည်။

စာသင်ကျောင်းများဖြစ်သည့် အရပ်သားပစ်မှတ်များကို ဦးတည်သော လေကြောင်းတိုက်ခိုက်မှုမှာ နိုင်ငံတကာ ဥပဒေအရ စစ်ရာဇဝတ်မှု မြောက်သည်ဟု ဆိုကြသည်။