အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်။
အင်အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မနက် ဒေသစံတော်ချိန် ၉ နာရီ ၄၅ မိနစ်မှာ မဂ္ဂနီကျု ၇.၄ ရှိတဲ့ ငလျင်တစ်ခုက ဖိလစ်ပိုင် တောင်ပိုင်း မင်ဒနောင်း (Mindanao) မြို့အရှေ့တောင်ဘက် ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။
မြေအောက် ၅၈.၁ ကီလိုမီတာအနက်မှာ ဗဟိုပြုတဲ့ ငလျင်ကြောင့် ဖိလစ်ပိုင်မှာ ၃ မီတာ (၁၀ပေ) ရှိတဲ့ ဆူတာမီလှိုင်းတွေ ဖြစ်နိုင်ပြီး အင်ဒိုနီးရှားမှာတော့ ဆူနာမီလှိုင်းတွေဟာ ၁ မီတာလောက်အထိ ရှိနိုင်တယ်လို့ အမေရိကန် ဆူနာမီသတိပေး စနစ်က ထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင်တောင်ပိုင်း မင်ဒနောင်းမှာတော့ ပျက်စီးမှုတွေ ရှိခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက ကမ်းခြေမှာ ရှိတဲ့ ပြည်သူတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းဖို့ ကူညီပေးနေကြပါတယ်။
ငလျင်ကြောင့် ထိခိုက်သေဆုံးမှု သတင်းတွေတော့ မရှိသေးပါဘူး။
အင်ဒိုနီးရှားမှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားရတယ်လို့ ဆိုပါတယ်။ ဆူလာဝေဆီ ကျွန်းနဲ့ ပါပူဝါ ဒေသတွေမှာတော့ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပါတယ်။