အမေရိကန် ရုရှား ထိပ်သီးတွေ့ဆုံပွဲ မရေမရာ ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
အမေရိကန် နဲ့ ရုရှား သမ္မတနှစ်ဦး ထိပ်သီး တွေ့ဆုံပွဲ လုပ်ကြမည်ဟု ပြောဆိုပြီးနောက်တွင် တွေ့ဆုံမှု ဖြစ်ချင်မှ ဖြစ်တော့မည်ဟု အမေရိကန် ဘက်က ပြောလာသည်။
ရုရှားဘက်က ချက်ချင်း အပစ်အခတ် ရပ်စဲမှု မလုပ်နိုင်ဟု ပြောဆိုလာသည့်နောက်တွင် သမ္မတပူတင် နှင့် တွေ့ဆုံမည့် အစီအစဉ်ကို ရွှေ့ဆိုင်းထားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်သည်။
အချိန်ဖြုန်းရုံ အစည်းအဝေးကို မလုပ်ချင်ဘူးဟု သမ္မတထရန့်က ပြောလိုက်သည်။
မကြာသေးမီက အိမ်ဖြူတော်တွင် ယူကရိန်း သမ္မတနဲ့ တွေ့ဆုံစဉ်က အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းနယ်မြေ အချို့ကို ရုရှားကို ပေးလိုက်ရန် အမေရိကန် သမ္မတ ထရန့်က တိုက်တွန်းခဲ့သည်။
ထို အစည်းအဝေး မတိုင်မီလေးတွင်ပင် သမ္မတ ထရန့်က ရုရှား သမ္မတ ပူတင်နှင့် တယ်လီဖုန်း စကားပြောပြီး ပူတင်နှင့် မကြာမီ ရက်ပိုင်းတွင် တွေ့ဆုံမည်ဟု ကြေညာခဲ့သည်။
ထို့နောက်တွင် ရုရှားက မူလ တောင်းဆိုချက်များကို အလျော့ပေးမည် မဟုတ်ကြောင်း နယ်မြေအများအပြားကို လိုချင်ကြောင်း အမေရိကန်ကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းကြားမှုနောက်တွင် သမ္မတ ဒေါ်နယ်ထရန့်က သမ္မတ ပူတင်နှင့် ဆွေးနွေးပွဲ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်တော့မည် ဟု ပြောဆိုလာခြင်း ဖြစ်သည်။
အောက်တိုဘာ ၂၁ ရက် ကတော့ ဥရောပ ခေါင်းဆောင်များက သမ္မတ ထရန့်အား ယူကရိန်း စစ်ပွဲနှင့် ပတ်သက်လို့ ဆွေးနွေးမည်ဆိုပါက ရုရှားဘက်က ချက်ချင်း အပစ်အခတ် ရပ်စဲမည် ဆိုသည့် အချက်ကို အခိုင်အမာရအောင် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။