ဒေသမတည်ငြိမ်မှု၏ ရေသောက်မြစ် စစ်အုပ်စုအား အာဆီယံက အရေးယူရန်လိုဟု JFM တောင်းဆို
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
ဒေသတွင်း မတည်ငြိမ်မှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၏ အဓိက ရေသောက်မြစ်မှာ မြန်မာစစ်အုပ်စု ဖြစ်သည့် အတွက် အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မဖြစ်မနေ အရေးယူဆောင်ရွက်ရန် Justice for Myanmar (JFM) အဖွဲ့က တောင်းဆိုလိုက်သည်။
JFM အဖွဲ့၏ အောက်တိုဘာလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် တနင်္ဂနွေနေ့က စစ်အုပ်စုသည် နာမည် ဆိုးဖြင့် ကျော်ကြားသော KK Park ဆိုက်ဘာငွေလိမ် ခြံဝန်းကြီးကို အယောင်ပြ စီးနင်းခဲ့သည် ဟု ဖော်ပြထား သည်။
ယင်းလုပ်ရပ်မှာ လာမည့် အာဆီယံအစည်းအဝေး မတိုင်မီ စစ်အုပ်စုနှင့် ၎င်းတို့၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ၏ ရာဇဝတ်မှုများအပေါ် အာရုံပြောင်းရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း သုံးသပ်သူများက ထောက်ပြထားသည်ဟု JFM က ဆိုသည်။
မြန်မာစစ်တပ်သည် BGF နှင့်အတူ လူကုန်ကူးမှု၊ ငွေလိမ်လည်မှုစသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်စီးပွား ကွန်ရက်ကြီး တစ်ခုကို ကြီးကြပ်လည်ပတ်နေသည် ဟု JFM က စွပ်စွဲသည်။
BGF ခေါင်းဆောင်များသည် KK Park အပြင်၊ Apollo Park နှင့် Yulong Bay Park ကဲ့သို့သော အခြားသော ဆိုက်ဘာငွေလိမ်ခြံကြီးများတွင်လည်း ပါဝင်ပတ်သက်နေကြောင်း နိုင်ငံတကာ အစီရင်ခံစာများက ဖော်ပြခဲ့ပြီး ဖြစ်သည်။
စစ်အုပ်စုသည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပြီး ဒေသမတည်ငြိမ်မှု၏ တရားခံဖြစ်သည့်အတွက် လာမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် အစိုးရများအနေဖြင့် စစ်အုပ်စုကိုရော၊ ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲကိုပါ ပြတ်သားစွာ ဆန့်ကျင်ရန် JFM က တောင်းဆိုသည်။
ထို့အပြင် စစ်တပ်၏ ဘဏ္ဍာငွေနှင့် စစ်လက်နက် လမ်းကြောင်းများကို ဖြတ်တောက်ရန်နှင့် စစ်ရာဇဝတ်မှုများ အတွက် နိုင်ငံတကာ အရေးယူ တာဝန်ခံမှုကို ရရှိစေရန်တို့ကိုလည်း တောင်းဆိုထားသည်။