စစ်ကော်မရှင် စစ်ကြောင်းကြောင့် ပြည်သူ ၁ သောင်းကျော် တောတောင်ထဲ တိမ်းရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။ 

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကော်မရှင်တပ်၏ စစ်ကြောင်းကြောင့် ပြည်သူ ၁၂,၀၀၀ ကျော် တောတောင်ထဲ တိမ်းရှောင်နေရသည်ဟု ပေါက်မြို့နယ် (ပအဖ) လူသားချင်းစာနာဌာနက ထုတ်ပြန်သည်။ 

ပေါက်မြို့နယ်အတွင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ (၂၂) လက်နက်စက်ရုံမှ စစ်သား ၅၀၀ နီးပါး သည် ဒေသခံ ပျူစောထီးများ ပူးပေါင်းကာ စစ်ကြောင်း (၃) ကြောင်းခွဲ၍ နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ကာ စစ်ကြောင်း ထိုးလာခြင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်းမှာ ကျေးရွာများထဲ စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးမှုများ လုပ်နေကြောင်း ပေါက်မြို့နယ် (ပအဖ) လူသားချင်းစာနာဌာန၏ နိုဝင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ကော်မရှင်တပ်၏ ထိုးစစ်ကြောင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာ မှ အိမ်ထောင်စု ၃,၀၀၀ ကျော်၊ လူဦးရေ ၁၂,၀၀၀ ကျော် သည် ဘေးလွတ်ရာ တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့အပြင် စစ်ကော်မရှင် စစ်ကြောင်းများသည် ကျေးရွာများအတွင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးလျက် ရှိသည်။

ပေါက်မြို့နယ် ပအဖနှင့် နီးစပ်သူတစ်ဦးက မနေ့ကဆို မြို့ရဲ့ အရှေ့ပိုင်းက အုန်းတောတောင်စုက နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီက သတင်းရထားပါတယ် ဟု ပြောသည်။

အဆိုပါ စစ်ကြောင်းထိုးမှုသည် ပေါက်မြို့နယ်၏ တောင်၊ မြောက်နှင့် အနောက်ဘက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့ များ စိုးမိုးရာနှင့် စစ်ရေးအရ အရေးပါသည့် ဒေသများကို ထိန်းချုပ်နိုင်ရန် စစ်ကော်ရှင်တပ်က ကြိုးပမ်းခြင်း ဖြစ်သည်ဟု စစ်ရေးသတင်း အရင်းအမြစ်များက သုံးသပ်သည်။

စစ်ရေးအခြေအနေကို သိသူ တစ်ဦးက အခုစစ်ကြောင်းထိုးတာက တောင်ဘက်ကနေ ဆိပ်ဖြူစစ်ကြောင်းကို အဓိကထားပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပြီး၊ သူတို့က တော်လှန်ရေးအားကောင်းတဲ့ နယ်မြေတွေကို ဖျက်ဆီးပြီး စစ်မျက်နှာအသစ်ဖွင့်ချင်ပုံရတယ်ဟု ပြောသည်။

ဆိပ်ဖြူအခြေစိုက် ကပစ (၂၂) စစ်ကြောင်းမှာ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၁၀၉)၊ (၄၁၉)၊ (၁၄) တို့ ပါဝင်ကြောင်း သိရသည်။ 

အဆိုပါ စစ်ကြောင်းကို လွန်ခဲ့သည့် ငါးရက်ခန့်က (Young Revolution Front – ယောဒေသ ကာကွယ်ရေး တပ်ဖွဲ့) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးကို အရှင်ဖမ်းမိပြီး အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကော်မရှင်တပ်သည် နိုင်ငံအနှံ့ လက်လွတ်ဆုံးရှုံးထားသည့် ဒေသများကို အင်အားဖြင့် စစ်ကြောင်းထိုးကာ အရပ်သားနေအိမ်များ မီးရှို့ခြင်းနှင့် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟုလည်း ထုတ်ပြန်ချက်များက ဖော်ပြသည်။

ပေါက်မြို့နယ် – ပအဖ လူသားစာနာဌာနက စစ်ဘေးရှောင် ပြည်သူများအတွက် အကူအညီများ လိုအပ်နေ ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။

ဓါတ်ပုံ – ပေါက်မြို့နယ် – ပအဖ