ကရင်ပြည် တိုက်ပွဲ၌ အကြပ်အတည်းတွေ့သည့် စစ်တပ်က လေကြောင်းကို အပြင်းအထန် အားကိုးလာ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။
ကရင်ပြည်တိုက်ပွဲများ အရှိန်မြင့်လာနေပြီး မြေပြင်၌ အကျပ်အတည်းတွေ့နေသည့် စစ်ကော်မရှင်တပ်သည် လေကြောင်းကို အပြင်းအထန် အားကိုးလာနေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။
ကရင်ပြည်ရှိ စစ်မျက်နှာနှစ်ခုဖြစ်သော ဖာပွန်နှင့် မြဝတီနယ်စပ်ဒေသများတွင် စစ်ကော်မရှင်တပ်နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများသည် နိုဝင်ဘာလဆန်းပိုင်းအထိ ဆက် လက် ပြင်းထန်နေဆဲဖြစ်သည်။
မြေပြင်ထိုးစစ်များ အကျပ်အတည်းတွေ့နေသည့် စစ်ကော်မရှင်တပ်သည် လေကြောင်းနှင့် နည်းပညာမြင့် ဒရုန်းများကို အဓိကအားထား တိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
KNU တပ်မဟာ (၅) နယ်မြေ (ဖာပွန်) ဘက်ခြမ်းတွင် စစ်ကော်မရှင် စစ်ကြောင်းတစ်ခုသည် ကတိုင်တိကျေးရွာ အနီးရှိ ဗျူဟာကုန်းဆီသို့ တက်ရောက်ရန် စက်တင်ဘာလကုန်မှစ၍ တစ်လကျော်ကြာ ကြိုးပမ်းနေသော်လည်း ရှေ့တိုးမရဘဲ ပိတ်မိနေသည်ဟု သိရသည်။
KNU နှင့် နီးသပ်သူတစ်ဦးက “စက်တင်ဘာ လကုန်ကတည်းက စတဲ့ ဒီထိုးစစ်ဟာ စစ်ကော်မရှင်က လေ ကြောင်းပစ်ကူတွေ ဘယ်လောက် ပေးပေး မြေပြင်မှာတော့ ရှေ့တက်လို့မရဘဲ ပိတ်မိနေတယ်” ဟု ပြောသည်။
သို့သော် မြေပြင်တွင် ရှေ့မတိုးနိုင်လေ၊ စစ်ကော်မရှင်တပ်သည် လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက် ခြင်းများကို ပိုမိုလုပ်ဆောင်လာသည်။
ဤရက်ပိုင်းအတွင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကျောင်းများ၊ ဘော်ဒါဆောင်များကဲ့သို့ အရပ်သား အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။
တစ်ချိန်တည်းတွင် KNU တပ်မဟာ (၆) နယ်မြေဖြစ်သည့် မြဝတီဘက်ခြမ်းရှိ လေးကေကော်၊ ရသေ့ဂူနှင့် ဖလူးကျေးရွာ ပတ်ဝန်းကျင်များတွင်လည်း တိုက်ပွဲများ ဆက်ဖြစ်နေသည်။
မြေပြင် စစ်ရေးအခြေအနေကို သိသူတစ်ဦးက “စစ်ကော်မရှင်တပ်ဟာ ကရင်ပြည်မှာ လိုချင်တဲ့ ပစ်မှတ်တွေကို မြေပြင်တပ်နဲ့ သိမ်းယူဖို့ အခက်အခဲရှိနေတာကြောင့် နည်းပညာနဲ့ လေကြောင်းအင်အားကို အပြင်းအထန် အားကိုးပြီး ဖိအားပေးနေတာကို တွေ့ရပါတယ်” ဟု သုံးသပ်သည်။
စစ်ကော်မရှင်တပ်သည် ပုံမှန်တပ်သားများထက် နည်းပညာမြင့် ဒရုန်းများနှင့် လက်နက်ကြီးများကို အားထား ကာ ထိုးစစ်ဆင်နေသော်လည်း KNU/KNLA ပူးပေါင်းတပ်များက ပြင်းပြင်းထန်ထန် ခုခံနေသည်ဟု ဒေသခံများ က ပြောသည်။