ဖားကန့် အရပ်ဘက်နေရာများ ဗုံးကြဲ သားအမိနှစ်ဦး ထိပြီး မိခင် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။ 

ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သားအမိနှစ်ဦး ထိမှန်ပြီး မိခင်ဖြစ်သူမှာ သေဆုံးသွားသည်။

ဖားကန့်မြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့က ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်နေ့) မွန်းလွဲပိုင်း၌ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကထန်ကွက်သစ်ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အတွင်း အမျိုးသမီးတစ်ဦး နေရာတွင်ပင် သေဆုံးကာ၊ ၎င်း၏ ၅ နှစ်ခန့်အရွယ် သားငယ်မှာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဖားကန့်ဒေသတွင် နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ မြေပြင်တိုက်ပွဲများ ပြင်းထန်လာပြီးနောက် စစ်ကောင်စီသည် လေကြောင်းအသာစီးယူကာ အရပ်သားပစ်မှတ်များကို ပိုမိုတိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ နေ့လယ် ၁ နာရီခွဲ ဝန်းကျင်ခန့်တွင် လုံးခင်းကျေးရွာအုပ်စု၊ ကထန်ကွက်သစ်အား Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ကထန်ကျေးရွာ၌ မြေပြင်တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူများ သာ အများစု နေထိုင်နေကြခြင်း ဖြစ်သည်။ 

ဒေသခံ အမျိုးသမီး တစ်ဦးက အမှန်အတိုင်း ပြောရရင် ဗုံးသံကြားလိုက်တာနဲ့ ဘာလုပ်ရမှန်းမသိဘူး။ စစ်တပ် က လူထုနေတဲ့ နေရာတွေကို  တမင်သက်သက် ပစ်တာပါ။ ၅ နှစ်သားလေးကတော့ မသေဘူးပေါ့နော်။ ဒဏ်ရာ ရတယ်။ သူ့အမေကတော့ နေရာမှာတင် ဆုံးသွားတယ်။ လေယာဉ်ကလည်း ဆက်တိုက်ကို ဝဲတာ ဟု ပြော သည်။

သေဆုံးခဲ့သည့် အမျိုးသမီးမှာ အသက် ၄၀ နှစ်ခန့်ရှိပြီး၊ ဒဏ်ရာပြင်းထန်ရရှိခဲ့သည့် သားငယ်မှာ ၅ နှစ်ခန့်အရွယ် ယောကျာ်းလေးငယ် ဖြစ်ကြောင်းသိရသည်။ ၎င်းတို့၏ နေအိမ်သည် ဗုံးကျရောက်ရာ ပစ်မှတ်ဖြစ်ခဲ့ပြီး နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် နိုဝင်ဘာလအတွင်း ဖားကန့်ဒေသ၌ ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကော်မရှင် ယာဉ်တန်းများကို တိုက်ခိုက် ခဲ့ပြီးနောက် ဖြစ်ပေါ်လာ ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ဖားကန့်၊ မှော်စီစာလမ်းဆုံတွင် KIA/KPDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော် သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် အချို့က ဆိုသည်။

စစ်တပ်သည် မြေပြင်တွင် အထိနာသွားပြီးနောက် အရပ်သားပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ကချင် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (KHRW) က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်၍ ဖားကန့်နှင့် ကာမိုင်းကြားရှိ နမ့်ယားကျေးရွာ၊ လုံးခင်းကျေးရွာအုပ်စု ပတ်ဝန်း ကျင်၊ မှော်စီစာကျေးရွာတို့တွင် မြေပြင်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ်သည်။

လက်ရှိ စစ်ရေးအခြေအနေအရ လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နှင့် လုံခြုံရေး အခြေအနေ များကို အထူးဂရုပြုနေထိုင်ကြရန် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ဒေသခံပြည်သူများကို သတိပေးထား သည်။

ဖားကန့်ဒေသသည် စစ်ကော်မရှင်တပ်၏ နယ်မြေစိုးမိုးမှု တိုးမြှင့်လိုသည့် စစ်ဆင်ရေးများကြောင့် ဒေသခံ အရပ် သား ပြည်သူများ နေ့စဉ်လိုလို ထိခိုက်သေဆုံး ဒဏ်ရာရမှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။