မြိတ်နှင့် ထားဝယ်ထောင်မှ နိုင်ကျဉ်း ၁၀ ဦး သာ လွတ်မြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်။ 

မြိတ်နှင့် ထားဝယ်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးသာ လွတ်မြောက်လာသည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

စစ်ကော်မရှင်၏ နိုဝင်ဘာလ ၂၆ ရက်နေ့၊ ညပိုင်း ထုတ်ပြန်ကြေညာခဲ့သော ပုဒ်မ ၅၀၅-က အမှုများ ရုတ်သိမ်း ခြင်းနှင့် လွတ်ငြိမ်းခွင့်ပေးခြင်း အစီအစဉ်အရ တနင်္သာရီတိုင်း ဒေသကြီး မြိတ်နှင့် ထားဝယ်အကျဉ်းထောင်တို့မှ နိုင်ငံရေးအကျဉ်းသူ/သား စုစုပေါင်း ၁၀ ဦး သည် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။

လွတ်မြောက်မည့် သတင်းကို ကြားသိရပြီးနောက် မိမိတို့၏ သားသမီးများကို စောင့်ဆိုင်းခဲ့ကြသော်လည်း လွတ်မြောက်လာသူ နည်းပါးသည်ဟု မြိတ်ထောင်ရှေ့တွင် စောင့်ဆိုင်းနေသည့် အသက် ၅၀ ကျော်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဖခင်ဖြစ်သူက ပြောသည်။

ညက ၅၀၅-က တွေ လွှတ်ပေးမယ်လို့ သတင်းကြားရတော့ မနက်စောစောပိုင်းကတည်းက ထောင်အရှေ့မှာ သွားစောင့်တာ၊ ကိုယ့်သားက မပါလာဘူးဗျာ။ မိန်းကလေး ၄ ယောက်နဲ့ ယောက်ကျားလေး တစ်ယောက်တော့ လွတ်တယ်၊ စောင့်ရကျိုး မနပ်ဘူးဗျာ။

မြိတ်နှင့် ထားဝယ်အကျဉ်းထောင်များ အနီးတွင် မိသားစုဝင်များက မျှော်လင့်တကြီး လာရောက် စောင့်ဆိုင်းခဲ့ ကြသော်လည်း လွတ်မြောက်လာသူ ဦးရေသည် ကြေညာခဲ့သည့် အကျဉ်းသားဦးရေနှင့် နှိုင်းယှဉ်ပါက နည်းပါး နေသောကြောင့် ကျန်ရှိသူများ၏ မိသားစုဝင်များအကြား စိတ်ပျက်နေကြသည်ဟု နီးစပ်သူက ပြောသည်။

၂၀၂၅ ခုနှစ် အစောပိုင်း စာရင်းများအရ ထားဝယ် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ၄၀၀ ကျော် အပါအဝင် အကျဉ်းသား တစ်ထောင်ကျော်ရှိပြီး မြိတ်အကျဉ်းထောင်တွင် အကျဉ်းသူ/သား စုစုပေါင်း ၂၀၀၀ ကျော်ရှိသည်။ 

ထိုအထဲမှ ၁၀ ဦးသာ လွတ်လာခြင်း ဖြစ်သည်။ 

မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၅ ဦး (အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦး) နှင့် ထားဝယ်အကျဉ်းထောင်မှ ၅ ဦး (အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး) တို့သည် ပုဒ်မ ၅၀၅ – က ဖြင့် အကျဉ်းချ ခံထားရသူများဖြစ်ပြီး ယခုရုတ်သိမ်းချက်ကြောင့် လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

လွတ်မြောက်လာသူများမှာ နောက်ထပ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုမျိုး ထပ်မံပြုလုပ်ပါက ယခုလက်ကျန် ပြစ်ဒဏ်များကိုပါ ပြန်လည်ကျခံရမည်ဟူသော ခံဝန်ချက်ကို လက်မှတ်ရေးထိုး ခဲ့ရခြင်း ဖြစ်သည်။

ကော့သောင်းအကျဉ်းထောင်တွင်မူ လွတ်မြောက်လာသူ ရှိမရှိကိုမူ စုံစမ်းမေးမြန်း၍ မရသေးဘူးဟု နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကော်မရှင်သည် နိုဝင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် ပုဒ်မ ၅၀၅-က ဖြင့် အကျဉ်းကျခံထားရသူ ၃,၀၈၅ ဦးအား လွှတ်ပေးရန်နှင့် အမှုရင်ဆိုင်နေရသူ ၅,၅၈၀ ဦး၏ အမှုများကို ရုတ်သိမ်းပေးရန် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မကြာမီ ဒီဇင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်နှင့် ရွေးကောက်ပွဲ အောင်မြင်ရန်တို့အတွက် ယခုကဲ့သို့ လွတ်ပေးခြင်းဖြစ်သည်ဟု ပါရှိသည်။

စစ်ကော်မရှင်၏ ယခုလုပ်ရပ်သည် နိုင်ငံတကာ ဖိအားများကို လျော့ချရန်နှင့် လာမည့်ရွေးကောက်ပွဲ အတွက်သာ ရည်ရွယ်သည့် နိုင်ငံရေးအရ ချိန်ကိုက်ထားသော လှုပ်ရှားမှု အဖြစ် နိုင်ကျဉ်းအရေး တက်ကြွလှုပ်ရှားသူများက သုံးသပ်ကြသည်။

ဓါတ်ပုံ – မြိတ်အကျဥ်းထောင်နှင့် ထားဝယ်အကျဥ်းထောင်တို့မှ လွတ်မြောက်လာသူများပုံ။