မြန်မာလုပ်သား ၃,၅၀၀ ကျော်ကို ထိုင်းက စစ်တပ်လက်သို့ အတင်းအကျပ် ပြန်လွှဲဟု Fortify Rights ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်။

ထိုင်းအာဏာပိုင်များသည် မြန်မာစစ်ကော်မရှင် အရာရှိများနှင့် ပူးပေါင်းကာ မြန်မာလုပ်သား ၃,၅၀၀ ကျော်ကို အတင်းအဓမ္မ ပြန်ပို့ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ထုတ်ပြန်ပြောဆိုလိုက်သည်။

ပြန်ပို့ခံရသူ အများစုမှာ စစ်တပ်၌ အတင်းအကျပ် စစ်မှုထမ်းခိုင်းစေခံရပြီး၊ ထိုလုပ်ရပ်များသည် အန္တရာယ်ရှိရာ သို့ ပြန်မပို့ရေးမူ (Refoulement) အပါအဝင် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေကြောင်း Fortify Rights က ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ထောက်ပြပြောဆိုထားသည်။

Fortify Rights အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Matthew Smith က ထောင်ပေါင်းများစွာသော မြန်မာ ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ စုဆောင်းခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနဲ့ သေဆုံးနိုင်ခြေရှိတဲ့ အန္တရာယ် တွေကို သိပါလျက်နဲ့ မြန်မာစစ်အုပ်စု လက်ထဲကို ထိုင်းအရာရှိတွေက တွန်းပို့နေခြင်းက အလွန်ရက်စက် ကြမ်း ကြုတ်ရာ ရောက်ပါတယ် ဟု ပြောသည်။

Fortify Rights ၏ ဖော်ထုတ်ချက်အရ ၂၀၂၄ ခုနှစ်အစပိုင်းမှစ၍ ထိုင်းအာဏာပိုင်များသည် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာကို ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

ပြန်ပို့ခံရသူများအနက် အများစုမှာ မြန်မာစစ်အုပ်စု၏ လက်ထဲတွင် သေနတ်ထောက် ခြိမ်းခြောက်ခံရကာ အတင်းအကျပ် စစ်မှုထမ်း စေခိုင်းခြင်းများ ကို ခံခဲ့ကြရသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ တရားမဝင် ပူးပေါင်းဆောင်ရွက်နေမှုကို ချက်ချင်း ရပ် တန့်သင့်ပြီး၊ တာဝန်ခံမှု တာဝန်ယူမှုရှိစေရန် အာမခံခြင်းနဲ့ ထိရောက်သော ယန္တရားတစ်ရပ်ကို ဖော်ဆောင် ကာ မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မ ပြန်ပို့တာ၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ လူကုန်ကူးခြင်းတို့မှ ကာကွယ်ပေး သင့်ပါတယ် ဟု Fortify Rights အမှုဆောင်အရာရှိ Matthew Smith က ပြောသည်။

Fortify Rights က ထိုင်းအာဏာပိုင်များ၏ ယခုလုပ်ရပ်များသည် နိုင်ငံတကာဥပဒေအရ ညှဉ်းပန်းနှိပ်စက်မှု၊ အသက်အန္တရာယ်ရှိသော နေရာသို့ အတင်းအကျပ် ပြန်ပို့သည့် ‘Refoulement’ မူ ချိုးဖောက်မှုအပြင် လူကုန်ကူးမှုအဖြစ်ပင် သတ်မှတ်နိုင်သည် ဟု ထောက်ပြထားသည်။

ထို့ပြင် နယ်စပ်နှစ်ဖက်စလုံးရှိ အရာရှိများနှင့် ပွဲစားများက မြန်မာနိုင်ငံသားများအား ပြန်မပို့ရလေအောင်ဟု ဆိုကာ ဒေါ်လာထောင်ပေါင်းများစွာ ငွေညှစ်ယူခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ထုတ် ခဲ့သည်။

Fortify Rights အနေဖြင့် ထိုင်းအစိုးရအား မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ချက်ချင်း ရပ်တန့်ရန် နှင့် ညှဉ်းပန်းနှိပ်စက် ခံရနိုင်ခြေရှိသူများအား ကာကွယ်ပေးနိုင်မည့် တရားဝင် ခိုလှုံခွင့်လုပ်ငန်းစဉ် တစ်ရပ်ကို မဖြစ်မနေ ထူထောင်ရန် တိုက်တွန်းတောင်းဆိုထားသည်။

ဓါတ်ပုံ – Ranong Immigration