ဗန်းမော်မြို့သိမ်းတိုက်ပွဲမှ အညာ PDF ရဲဘော်များ ၇ လကြာခရီးအပြီး နေရပ်သို့ ပြန်လည်ရောက်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်များသည် ကချင်ပြည်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအထိ သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့် ခုနစ်လကျော်ကြာ ခရီးရှည်စစ်ဆင်ရေး အပြီးတွင် နေရပ်သို့ ပြန်လည်ရောက်ရှိပြီ ဖြစ်သည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့၌ ၎င်းတို့၏ နေရပ်ရင်းဒေသသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း ဗိုလ်စွမ်းသူမောင် က ပြောသည်။
ယင်းမာပင်ခရိုင်အခြေစိုက် တပ်ရင်း ၂၈ နှင့် ၃၁ မှ စုစုပေါင်း ရဲဘော် ၆၉ ဦး ပါဝင်ခဲ့သည့် ဤစစ်ဆင်ရေး ခရီးစဉ်သည် ရှမ်းမြောက် (၁၀၂၇) စစ်ဆင်ရေး ကာလ၌ စတင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် စစ်ကိုင်းတိုင်းအတွင်းမှ ကောလင်းနှင့် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲများ အပြင် နောက်ဆုံးတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA ဦးဆောင်သော ဗန်းမော်မြို့သိမ်းတိုက်ပွဲအထိ ချီတက်ခဲ့ခြင်းဖြစ်သည်။
အညာဒေသမှ PDF များ၏ ဤသို့ နယ်မြေဒေသမရွေး ခရီးရှည် ချီတက်ကာ ပူးပေါင်းပါဝင် တိုက်ခိုက်မှုသည် စစ်အာဏာရှင်ကို ဆန့်ကျင်ရာတွင် တော်လှန်ရေး အင်အားစုများအကြား ခိုင်မာသည့် မဟာမိတ်စိတ်ဓာတ် နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်ပြသခြင်း ဖြစ်ကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။ သုံးသပ်မှုများ ရှိနေသည်။
တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင် က “ရဲဘော်တွေ တာဝန်ကျေပြီး မိခင်တပ်ရင်းကို ပြန်လာနိုင်ခဲ့ပေမယ့် အပြန် ခရီး မှာ လူမစုံခဲ့တဲ့အတွက် ဆရာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ပန်းနဲ့ပစ်တဲ့ ပွဲမဟုတ်တော့ ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ဆရာ ဝမ်းနည်းစိတ် တစ်ဖက်နဲ့ ဂုဏ်ယူပါတယ်။ တာဝန်ကျေပါတယ်” ဟု ပြောသည်။
တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင် ၏ ပြောဆိုချက်အရ ဤခရီးရှည်စစ်ဆင်ရေး ကာလအတွင်း တပ်ခွဲမှူး ရဲဘော် နိုင်းနိုင်း အပါအဝင် ရဲဘော် ၅ ဦး ကျဆုံးခဲ့ရပြီး၊ ၇ ဦး ဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။
ကျန်ရှိသည့် ရဲဘော်များသည် တိုက်ပွဲတာဝန်များ ပြီးဆုံး၍ အောင်ပွဲခံပြန်လာခြင်းဖြစ်သော်လည်း ကျဆုံးသွားသူ များအတွက် ဝမ်းနည်းပူဆွေးမှုများလည်း ရှိနေသည်။
ဒေသခံတစ်ဦးက “ကျနော်တို့ အညာသားရဲဘော်တွေဟာ ဒီလောက်အဝေးကြီးအထိ ချီတက်ပြီး တခြား တိုင်းရင်းသားဒေသတွေမှာပါ သွားကူညီ တိုက်ခိုက်ခဲ့တာကို တကယ်ကို ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ သူတို့ရဲ့ အနစ်နာခံမှုဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့ စိတ်ဓာတ်ကို ပြသတာပါ” ဟု ပြောသည်။
လက်ရှိတွင် KIA ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များက ဗန်းမော်မြို့နယ်ကို ထိန်းချုပ်ထားဆဲ ဖြစ်ပြီး၊ မြို့သိမ်း တိုက်ပွဲတွင် စစ်ကော်မရှင်တပ်က လေကြောင်းမှတစ်ဆင့် မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ၊ မြို့နယ်အတွင်း၌ စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များ၏ ပြောပြ ချက်အရ သိရသည်။