ဗန်းမော်စစ်ကူ စစ်သင်္ဘောများ ဆက်တိုက် တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးမှုများပြား

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

ကချင်ပြည်၊ ဗန်းမော် စစ်မြေပြင်သို့ စစ်အင်အားနှင့် ရိက္ခာ ဖြည့်တင်းရန် ကြိုးပမ်းလာသည့် စစ်အုပ်စု၏ ရေယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ဆက်တိုက်ပစ်ခတ် တိုက်ခိုက် ခဲ့ရာ စစ်အုပ်စုတပ်၏ သင်္ဘောအများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း KIO/KIA နှင့် မြေပြင် သတင်းရင်းမြစ် များ က ပြောသည်။

KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အခု ၂ သုတ်ရှိပါပြီတက်တာ ပထမအသုတ် ၁၄ စီးလို့ ပြောတာပေါ့နော်။ ခြောက်စီး ခုနှစ်စီးကတော့ ဗန်းမော်ဖက်မှာ ပြန်ဝင်တာ။ ကျန်တဲ့ဟာကတော့ လမ်းမှာ ပျောက် သွားတာ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံပြီးမှ မီးလောင်တာတွေ ရေနစ်သွားတာတွေ ရှိပါတယ် ဟု စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြောသည်။

မန္တလေးဘက်မှ ရွှေကူဘက်သို့ ဆန်တက်လာသည့် သင်္ဘောများနှင့် ဗန်းမော်ဘက်မှ ပြန်လည်စုန်ဆင်းလာသည့် သင်္ဘောများကို ရွှေကူမြို့နယ်၊ စင်းခန်း-ဇင်းဘုံ ကျေးရွာ ဝန်းကျင်နှင့် စင်းခန်းတံတား အနီးတို့တွင် KIA ပူးပေါင်း တပ်များက ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“နောက်ဒုတိယအသုတ်ကတော့ သုံးစီးလို့ ပြောတယ်။ ငါးစီးလို့လည်း ပြောတယ်။ ဒါပေမယ့် အတိအကျတော့ မသိဘူး။ အဲဒါကတော့ ရွှေကူရောက်တယ်။ ရွှေကူမှာ ပစ္စည်းတင်တဲ့ သင်္ဘောတစ်စီးကို ပစ်ခတ်ခံလို့ မီးလောင် သွားတယ်။ အဲဒါကို သွားကယ်ဖို့ မနေ့က ဗန်းမော်ဖက်မှာ ရောက်လာတဲ့ သင်္ဘောတွေ ပြန်ပြီးမှ ဆင်းတယ်။ စုန်ဆင်းပြီးမှ သွားကြိုဖို့ သွားကယ်ဖို့ ၄ စီးရှိပါတယ်။ အဲဒါကို မနေ့က လမ်းမှာ တိုက်ခိုက်ပြီးမှ မီးလောင်တာ တွေ ရေထဲမှာ မြုပ်သွားတာတွေ ဆိုတော့ ၄ စီးက မနေ့က ပျောက်သွားတာ ဖြစ်ပါတယ်။ အခြေအနေက အဲလိုပါခင်ဗျာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

ထို့ပြင် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနှင့် ပေပင်ဆိပ်ကမ်းတို့မှ စက်တင်ဘာလ ၄ ရက်တွင် ထွက်ခွာလာသည့် ဒုတိယအကြိမ် ရေကြောင်းစစ်ကြောင်းထဲမှ ရေယာဉ် ၉ စီးအနက်မှ အချို့မှာလည်း မြစ်အထက်ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ရေကြောင်းစစ်ကြောင်း ရွှေကူသို့ ရောက်ရှိလာသည့် အခြေအနေနှင့် ပတ်သက်၍ ဒေသတွင်း သတင်း ရင်းမြစ်တစ်ဦးက ယခုကဲ့သို့ ပြောသည်။

စက်တင်ဘာ ၈ ရက်က ရွှေကူကို စစ်သင်္ဘောနဲ့ တွဲတွန်း ရေယာဉ် အပါအဝင် စုစုပေါင်း ၉ စီး ရောက်လာတာ ပါ။ စက်တင်ဘာ ၉ ရက် နေ့လည်ပိုင်းမှာ မြစ်အထက်ဘက်ကို နည်းနည်း ဆန်တက်ဖို့ ကြိုးစားတုန်း ပစ်ခတ်ခံရ ပြီး မီးလောင်သွားတာ ဟု ပြောသည်။

ဩဂုတ်လကုန်ပိုင်းမှ စက်တင်ဘာလ ၉ ရက်နေ့အထိ သတင်းပတ် နှစ်ပတ်အတွင်း ဗန်းမော်ဘက်သို့ စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းရန် လာရောက်သည့် စစ်အုပ်စု၏ တိုက်ခိုက်ရေးနှင့် ကုန်တင်သင်္ဘော ၁၄ စီး ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည့်အပြင် စစ်အုပ်စု တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၁၅၀ နီးပါးကိုလည်း စစ်သုံ့ပန်း အဖြစ် KIA က ဖမ်းဆီးရမိထားသည်။

ဒေသခံတစ်ဦးကလည်း စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်မှာတင် စုန်ဆင်းလာတဲ့ သင်္ဘောတွေရော၊ ဆန်တက်ဖို့ လုပ်နေတဲ့ သင်္ဘောတွေပါ ဆက်တိုက် တိုက်ခံရတာပါ။ ချို့သင်္ဘောတွေဆို ရေထဲမြုပ်သွားသလို၊ ချို့လည်း မီးတွေလောင်ပြီး မျောသွားတာတွေ ရှိတယ်ဗျ ဟု ပြောသည်။

စစ်အုပ်စုတပ်သည် ဩဂုတ်လ ၂၁ ရက်က ပထမအကြိမ် စေလွှတ်ခဲ့သည့် ရေယာဉ် ၁၅ စီးပါ ရေယာဉ်တန်း စစ်ကြောင်းတွင်လည်း KIA ၏ တိုက်ခိုက်မှုကြောင့် အများအပြား ပျက်စီးခဲ့ပြီး ရေယာဉ် ၇ စီးခန့်သာ ဗန်းမော်သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီမြစ်ကြောင်းအတွင်း ရွှေကူနှင့် ဗန်းမော်ကြား စစ်အုပ်စုတပ် သင်္ဘောများ ဆက်တိုက် တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်အုပ်စုဘက်က စက်တင်ဘာလ ၁၀ ရက်နေ့အထိ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

ဓါတ်ပုံ – CJ