ပဲခူး-ရခိုင်အစပ် ပန်းတောင်း၌ တိုက်ပွဲများ ၄ ရက်ဆက် ပြန်လည်ပြင်းထန်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း အနီးဝန်းကျင်၌ အာရက္ခ တပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့ကြား တိုက်ပွဲများ ၄ ရက်ဆက်တိုက် ပြင်းထန်လာကြောင်း မြေပြင် စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

ပဲခူး-ရခိုင်အစပ် ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်း ညောင်ကျိုးကျေးရွာ ဝန်းကျင်တွင် စစ်အုပ်စုတပ် စစ်ကြောင်းနှင့် AA တို့သည် စက်တင်ဘာလ ၇ ရက်မှ ၁၀ ရက်နေ့အထိ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။

စစ်အုပ်စုတပ်သည် အင်အားဖြည့်တင်းမှုများ ပြုလုပ်ပြီးနောက် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုး လှုပ်ရှားလာသဖြင့် ဩဂုတ်လ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ တိုက်ပွဲ များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ခေတ္တငြိမ်သက်နေရာမှ ယခုစက်တင်ဘာလဆန်းတွင် တိုက်ပွဲများ ပြန်လည် စတင်လာခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်းဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက ပြန်ဖြစ်လာတာ ဒီရက်ထဲ တိုက်ပွဲ မပြင်း ထန်ပေမယ့် ပစ်ခတ်သံတွေ ဆက်တိုက်ပဲ ကြားရတယ်။ ကပစ (၁၆) မသုန်ရွာဝန်းကျင်နဲ့ ညောင်ကျိုးပတ် ဝန်းက ရခိုင်ရိုးမတောင်ခြေနဲ့ ၅ မိုင်လောက်အကွာမှာ ဖြစ်နေတာပါ ဟု ပြောသည်။

အဆိုပါဒေသတွင် စစ်အုပ်စုတပ်က ဒရုန်းများနှင့် ပါရာမိုတာများ အသုံးပြု၍ ပစ်ကူပေးကာ မြေပြင်မှ ထိုးစစ် ဆင်လာခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်။ လက်ရှိအခြေအနေအရ စစ်အုပ်စုတပ် စစ်ကြောင်း သည် ပွိုင့် ၆၆၆ ကုန်းအထိ ရောက်ရှိလာခြင်း မရှိသေးဘဲ လမ်းကြောင်းတစ်လျှောက်၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကာ ရိုးတောင်ကျော်လမ်းနှင့် အနီးဝန်းကျင်ဒေသများတွင် စစ်ရေးတင်းမာလျက်ရှိသည်။

ထို့ပြင် ရိုးတောင်ကျော်လမ်း ညောင်ကျိုးရွာ ဝန်းကျင်၊ ပန်းကန်ကွဲရွာ၊ မသုန်ရွာ ဝန်းကျင်နှင့် လေလာတောင် ဝန်းကျင်တို့၌ စစ်ရေးတင်းမာနေသည့်အပြင် ဥသျှစ်ပင်တပ်နယ် ကပစ (၁၆) အနီးရှိ ကာကင်းစခန်းများနှင့် ကျေးရွာဝန်းကျင်များတွင်လည်း နှစ်ဘက်စစ်ရေး လှုပ်ရှားမှုများ ရှိနေသည်။

မြေပြင် စစ်ရေးသတင်းရင်းမြစ်က “သူတို့ စစ်တပ်နဲ့ နီးစပ်သူတွေ ပြောပြတာက ပွိုင့် ၆၆၆ ကုန်း အနီးပတ်ဝန်း ကျင်မှာ ချနေတာလို့ ပြောတယ် စစ်တပ်က ပြီးခဲ့တဲ့လက တက်တဲ့ စစ်ကြောင်းတွေလည်း ထိခိုက်တာရှိတယ် အခုစစ်ကြောင်းတွေ ရိုးနားမှာပဲ ရှိတယ် ဟု ပြောသည်။

ညောင်ကျိုးကျေးရွာအနီး ရိုးမအခြေ သူရဲတန်းကြီး ကြိုးဝိုင်းအတွင်း တိုက်ပွဲအချို့ ရှိလာရာမှ မသုန်ကျေးရွာအနီး ရှိ စစ်အုပ်စုတပ်၏ ကျွဲကန် အထက်တောင်ညိုကြီးစခန်း အနီးအထိ AA နှင့် ပူးပေါင်းတပ်များက ထိုးဖောက် ဝင်ရောက် တိုက်ခိုက်လာခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ညောင်ကျိုးနှင့် ကပစ (၁၆) မသုန်ဒေသတို့သည် ရခိုင်ရိုးမ တောင်တန်းပေါ်နှင့် တောင်ခြေတွင် တည်ရှိသည့် ကြားစခန်းများနှင့် ကျေးရွာများဖြစ်သဖြင့် ရခိုင်ရိုးမနှင့် တစ်ဆက်တည်း တည်ရှိနေသည်။

လက်ရှိတွင် မသုန်ကျေးရွာအခြေစိုက် ကပစ (၁၆) နှင့် ကျောက်ဖူးကျေးရွာအခြေစိုက် ကပစ (၉) တို့မှ လက်နက် ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေရသည့်အပြင် လေကြောင်းမှပါ စစ်ကူပေးလျက်ရှိသည်။

အဆိုပါ တိုက်ပွဲများနှင့် AA အပါအဝင် တော်လှန်ရေးတပ်များ၏ ထိုးဖောက်ဝင်ရောက်မှုများကြောင့် ပဲခူးတိုင်း အနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်အုပ်စုတပ်၏ လက်နက်နှင့် ခဲယမ်းထုတ်လုပ်ရေး ကပစ စက်ရုံ များအတွက် အမိုးနီးယား အက်ဆစ်များ သယ်ဆောင်သည့် ယာဉ်တန်းများသည် ပုံမှန်အသုံးပြုနေကျ ရန်ကုန်-ပြည် လမ်းကြောင်းကို မသုံးရဲတော့ဘဲ ပုသိမ်-မုံရွာ လမ်းကြောင်းအတိုင်း ဧရာဝတီတိုင်းအတွင်းမှ ကွေ့ပတ် မောင်းနှင်နေကြရသည်။

ပုံစာ – ပန်းတောင်း-တောင်ကုတ်လမ်း နယ်ခြားဆိုင်းဘုတ်အား တွေ့ရစဉ် / (ဓါတ်ပုံ – RFA – ပုံဟောင်း)