ပန်းတောင်းမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ တဲကုန်းကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးကျော်လင်းအောင်သည် အောက်တိုဘာလ ၂ ရက် ည ၁၀ နာရီခန့်တွင် ၎င်း၏နေအိမ်၌ ပစ်ခတ်ခံရသဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

အသက် ၅၅ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်မှာ သေနတ်ဒဏ်ရာ ၅ ချက်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ဇနီး ဖြစ်သူမှာလည်း ခါးတွင် သေနတ်ကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့သဖြင့် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးထားရသည်။

နယ်ခံ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက “သူ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က သတိပေးနေ တာ ကျနော်တို့ သိရသလောက် ၂ ကြိမ်ရှိပြီ။ သူက ပြန်စိန်ခေါ်ပြီး မောက်မာနေတာ” ဟု ပြောသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန်အတွက် ဥသျှစ်ပင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။

အသက် ၄၀ အရွယ် ဒေသခံ ယာဉ်မောင်းတစ်ဦးက “ခါးမှန်တဲ့ သူ့အမျိုးသမီးကို ပြည်ဆေးရုံကြီးကို လွှဲတယ်။ သူ့အလောင်းကတော့ ဥသျှစ်ပင်ဆေးရုံကို ည ၁၂ နာရီလောက်ကတည်းက ပို့ထားရတယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့် တဲကုန်းကျေးရွာသည် ပုသိမ်-မုံရွာ လမ်းမပေါ်ရှိ ပေပင်ကျေးရွာနှင့် ကျီးပင် ကျေးရွာအကြားတွင် တည်ရှိပြီး စစ်အုပ်စုတပ်၏ ကျီးပင်စစ်ဆေးရေးဂိတ်နှင့် ၂ မိုင်ခွဲခန့်သာ ကွာဝေးသည်။

ကျီးပင်ကျေးရွာသည် ပန်းတောင်းမြို့နယ်၏ နယ်ဆုံးဖြစ်ပြီး ကံမမြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် နေရာ လည်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည် ဆိုသည်ကို လက်ရှိအချိန်အထိ ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပေ။

ဓာတ်ပုံ – ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာလမ်းတစ်နေရာ။ (ပုံဟောင်း)

(ဓာတ်ပုံ – သတင်းနှင့် မီဒီယာ ကွန်ရက်)