လေးမျက်နှာ၌ ငဝန်တာဘောင် ပြန်ကျိုးသဖြင့် မြို့ပေါ်သို့ ရေများ ပြန်လည်ဝင်ရောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာကျိုးပေါက်မှုကို တစ်လကျော်ကြာ ပြုပြင်ပြီးနောက် ရေဝင်မှု ထိန်းချုပ်နိုင်ပြီဟု စစ်အုပ်စုက ထုတ်ပြန်ကြေညာခဲ့သော်လည်း ကြေညာပြီး နောက်တစ်ရက်၌ပင် တာဘောင် ထပ်မံကျိုးပေါက်ကာ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရေများ ပြန်လည်ဝင်ရောက်နေကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်ကတည်းက စတင်ကျိုးပေါက်ခဲ့သည့် ငဝန်တာဘောင် ရေဝင်လမ်းကြောင်းကို ပြန်လည်ပိတ်ဆို့နိုင်ပြီဟု စစ်အုပ်စု၏ ဧရာဝတီတိုင်း အစိုးရအဖွဲ့နှင့် စစ်အုပ်စုက စက်တင်ဘာလ ၈ ရက်နေ့တွင် ကြေညာခဲ့ သည်။
သို့သော်လည်း စက်တင်ဘာလ ၉ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် ပြုပြင်ထားသည့် အတွင်းပိုင်း သံတိုင်များ မြစ်ရေစီးအားကြောင့် ကွေးဝင်ပျက်စီးကာ ပေ ၂၀ အကျယ်ခန့် ထပ်မံကျိုးပေါက်ခဲ့ခြင်း ဖြစ်သည်။
တာဘောင် ပြန်ကျိုးသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းရင်းမြစ်တစ်ဦးက “တာဘောင် ပိတ်တာပြီးလို့ ပြုပြင် တဲ့ အဖွဲ့တွေတောင် ဆင်းမသွားရသေးဘူး၊ မြစ်ရေစီးအားက ပြင်းလွန်းတော့ ရေတားဖို့ စိုက်ထားတဲ့ သံဘောင် တွေ ကွေးထွက်သွားပြီး ပေ ၂၀ လောက် အပေါက်ကြီး ပြန်ဖြစ်သွားတာ” ဟု ပြောသည်။
တာဘောင် ပြန်လည်ကျိုးပေါက်သွားသည့်အတွက် ရေဝင်ပေါက်များ ပိုမိုကျယ်ပြန့်လာပြီး ရေအနက် တစ်ပေ ကျော်အထိ ချက်ချင်း တက်လာကာ ပြီးခဲ့သည့်ရက်ပိုင်းက ရေပြန်ကျသွားသည့် အိုင်သပြုလမ်းဆုံ လမ်းမကြီး အထိ ရေများ ပြန်လည်ကျော်လွန် ဝင်ရောက်လာနေသည်။
ထိုသို့ ရေများ ထပ်မံဝင်ရောက်လာမှုကြောင့် ရေကျချိန်၌ မိမိတို့နေအိမ်များသို့ ပြန်လည်နေထိုင်ကြသည့် အနိမ့် ပိုင်း ရပ်ကွက်သူ ရပ်ကွက်သားများအနေဖြင့် စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းမှစ၍ ဘေးလွတ်ရာသို့ အရေးပေါ် ပြန်လည်ပြောင်းရွှေ့နေကြရသည်။
အမည်မဖော်လိုသည့် ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “တာဘောင်ကို အပြီးထိန်းချုပ်နိုင်ပြီလို့ ကြေညာတာ ရယ်၊ လက်တွေ့မှာလည်း ရေတားနိုင်တာကို မြင်ရတော့ လူတွေက ရေကျတာနဲ့ အိမ်ပြန်သန့်ရှင်းရေးလုပ် အိမ်ပြန်နေကြမယ်ပေါ့ အဲ့လိုနဲ့ ပြန်ကြတာ။ အခုကျတော့ ရေက ရုတ်တရက် ပြန်တက်လာတော့ ဘာမှ မပြင် ဆင်ရသေးဘဲ ထပ်ပြောင်းရတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် ရေဝင်စီးအား တဖြည်းဖြည်း သန်မာလာနေပြီး ရေဘေးသင့်ပြည်သူများကို ကူညီပေးနိုင်ရန် လူမှုကူညီရေး အသင်းအဖွဲ့အချို့က ညတွင်းချင်း လာရောက်စောင့်ဆိုင်း ကူညီပေးနေကြရသည်။
မြေပြင်တွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးကလည်း “အဓိက ကတော့ ရေဝင်ပေါက် ထပ် မကျယ်သွားဖို့ပဲ၊ ရေပေါက်သာ ပိုကျယ်သွားရင် ရေတက်နှုန်းက အများကြီး ပိုမြန်လာမှာ။ လက်ရှိ ရေဝင်နေ တဲ့ အရှိန်နဲ့ ဆိုရင်တော့ အချိန်မီ ပြန်ပိတ်ဖို့က လုံးဝ မလွယ်သေးဘူး” ဟု ပြောသည်။
ငဝန်မြစ်ရေတားဆီးရန် အတွင်းတာဘောင်နှင့် အပြင်တာဘောင် နှစ်ထပ်ပိတ်ဆို့ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်လနှင့် ၄ ရက်ကျော်ကြာ ပြုပြင်ခဲ့ရသည့် အတွင်းတာဘောင်မှာ မကြာသေးမီကမှ ပြီးစီးခဲ့သော်လည်း ရေစီးအားကြောင့် ချက်ချင်းဆိုသလို ပြန်လည်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ် အပါအဝင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ် မှ ကျေးရွာပေါင်း ရာချီနှင့် ပြည်သူ သိန်းချီ ရေဘေးသင့်ခဲ့ရပြီး လက်ရှိ ထပ်မံကျိုးပေါက်သည့် အခြေအနေနှင့် ပတ်သက်၍ စစ်အုပ်စုဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။