ခရစ္စမတ်ကျင်းပသော အကျဉ်းသူများ ရိုက်နှက် တိုက်ပိတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂ ရက်။ 

ဒိုက်ဦး အကျဉ်းထောင်တွင် ခရစ္စမတ် ဆုတောင်းသည့် အကျဉ်းသူ အမျိုးသမီး ၁၅ ဦးကို ထောင်အာဏာပိုင်များက ရိုက်နှက်ကာ တိုက်ပိတ်အပြစ်ပေးခဲ့သည်ဟု နိုင်ကျဉ်းအရေး စောင့်ကြည့်နေသူများက ပြောသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ဒိုက်ဦးအကျဉ်းထောင်တွင် ခရစ္စမတ်နေ့ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်သည့် နိုင်ငံရေးအကျဉ်းသူများ အပါအဝင် အမျိုးသမီး ၁၅ ဦးကို ထောင်အာဏာပိုင်များက အုပ်စုလိုက် ဝိုင်းဝန်းရိုက် နှက်၍ တိုက်ပိတ်ပြစ်ဒဏ် ပေးခဲ့ပြီး လက်ရှိတွင် ဆေးကုသခွင့်နှင့် မိသားစုထောင်ဝင်စာ တွေ့ခွင့်များပါ ပိတ်ပင်ကန့် သတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) က ထုတ်ပြန်သည်။

ခရစ္စမတ်နေ့က အကျဉ်းသူ ၁၅ ဦး ဝတ်ပြုဆုတောင်းနေစဉ် ဒုထောင်ပိုင်၊ အမျိုးသမီးဝန်ထမ်း တစ်ဦးနှင့် အာဏာပိုင်များ မွေးထားသော အကျဉ်းသား တစ်ဦးတို့က ဝင်ရောက်နှောင့်ယှက်ကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

PPNM ပြောရေးဆိုခွင့်ရှိသူ မရောင်နီလင်းက တိုက်ပိတ်ခံထားရသူများ၏ အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့ သို့ ပြောသည်။

တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသူ (၁၅) ဦးထဲမှာမှ ရိုက်နှက်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေ ပါတယ်လို့ လည်း သိရှိရပါတယ်။ အခုလက်ရှိမှာတော့ ဒိုက်ဦးထောင်က ကျပ်နေတာမျိုးဖြစ်တယ်ပေါ့နော်။ အဲ့ဒီတော့ သူတို့ ကို ဆက်သွယ်ဖို့ရာအတွက်လည်း ခက်ခဲနေတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ အခု သူတို့ရဲ့ ကျန်းမာ ရေးစောင့်ရှောက်မှု အခြေအနေကိုလည်း ကျနော်တို့ စုံစမ်းနေတုန်းပဲ ရှိပါသေးတယ်။

ထို့အပြင် ဒိုက်ဦးထောင်၏ အမျိုးသမီးဆောင်အတွင်းသို့ ဒုထောင်ပိုင်က ဦးဆောင်၍ အခြား ရာဇဝတ်အကျဉ်းသားများကို ခေါ်ယူကာ မကြာခဏ ဝင်ထွက်သွားလာနေသည့် လုပ်ရပ်အပေါ် အမျိုးသမီးများ ၏ လုံခြုံရေးအတွက် PPNM က များစွာစိုးရိမ်ကြောင်း ပြောဆိုထားသည်။

မရောင်နီလင်းက အမျိုးသမီးဆောင်မှာ ဆိုလို့ရှိရင် သုံးပွင့် (အမျိုးသမီးဝန်ထမ်း) ကနေမှ လက်ခံလို့မို့လို့ လည်း အထဲထဲကို ဝင်လို့ရတာတွေလည်း ပါပါတယ်။ ဒါကတော့လေ ဒီအမျိုးသမီးတွေရဲ့ အခွင့်အရေး အတွက် ပေါ့နော်၊ ဒါဘာပဲဖြစ်ဖြစ် ဒီအမျိုးသားဆောင်က အကျဉ်းသားတွေ ရောက်လာပြီဆိုကတည်းက သူတို့မှာ မလုံ ခြုံတော့ ဘူးပေါ့နော်။ မလုံခြုံတော့တဲ့ အခြေအနေမျိုးတွေ ရှိတယ် ဟု ထောက်ပြထားသည်။

ဒိုက်ဦးထောင် အာဏာပိုင်များသည် နိုင်ငံရေး အကျဉ်းသားများက ကိုယ်ထူကိုယ်ထ စုဆောင်းထားသည့် ကျပ်သိန်း ၃၀ ခန့်တန်ဖိုးရှိ ဆေးပဒေသာပင်ကိုလည်း မလိုအပ်ဟုဆိုကာ သိမ်းဆည်းသွားခဲ့သည်ဟု ဆိုသည်။ 

ဒုထောင်ပိုင်မှာ စစ်တပ်မှ ပြောင်းရွှေ့လာသည့် ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်ပြီး ဆေးဝါး တောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများကို လေးဖက်ထောက် ရိုက်နှက်ခြင်း၊ မိသားစုမှ ပို့ပေးသည့် ထောင်ဝင် စာများကို သိမ်းဆည်းခြင်းများ စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်နေသူ ဖြစ်ကြောင်း PPNM က ဆိုသည်။

၎င်း၏ ရက်စက်သည့် နှိပ်စက်မှုများကြောင့် ယခင်ကလည်း အကျဉ်းသားအချို့ ခြေထောက်နှစ်ချောင်း ပုတ်ခြင်း နှင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်းများအထိ ကြုံတွေ့ခဲ့ရဖူးကြောင်း နိုင်ကျဉ်းဟောင်းများ၏ ပြောပြချက်အရ သိရသည်။ 

လက်ရှိတွင် ခရစ္စမတ်နေ့ ဖြစ်စဉ်ကြောင့် တိုက်ပိတ်ခံထားရသည့် အမျိုးသမီးများ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးအတွက် မိသားစုဝင်များနှင့် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်နေကြသည်။