အမေရိကန် မပါတဲ့ စစ်လေ့ကျင့်ခန်းကြီး တစ်ခုကို ဂျာမဏီတွင် နေတိုး (NATO) လုပ်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်။
ဥရောပနိုင်ငံများအပေါ် ရုရှား၏ ခြိမ်းခြောက်မှုများ မြင့်တက်လာနေချိန်တွင် နေတိုး (NATO) အဖွဲ့ကြီးသည် အဖွဲ့အတွင်း အင်အားအကြီးဆုံးဖြစ်သော အမေရိကန်ပြည်ထောင်စု ပါဝင်ခြင်းမရှိဘဲ ဂျာမနီနိုင်ငံတွင် အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်။
STEADFAST DART 2026 ဟု အမည်ပေးထားသော အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ၂၀၂၆ ခုနှစ်အတွင်း အကြီးမားဆုံးသော လေ့ကျင့်မှုဖြစ်လာမည် ဖြစ်သည်။
ဤစီမံချက်အတွက် ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်ကာ ဂျာမနီနိုင်ငံ၊ အမ်ဒန် (Emden) ဆိပ်ကမ်းသို့ အီတလီစစ်သင်္ဘောများဖြင့် စစ်သည်အင်အားများ၊ စစ်သုံးယာဉ်ပေါင်း ၁,၅၀၀ ကျော်နှင့် စစ်လက်နက်ပစ္စည်းများ စတင်ရောက်ရှိနေပြီ ဖြစ်သည်။
ထို့အပြင် ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလဆန်းပိုင်းတို့တွင်လည်း နောက်ထပ် စစ်အသုံးအဆောင်ပစ္စည်း ထောင်နှင့်ချီ၍ သင်္ဘောများဖြင့် ဆက်တိုက် ရောက်ရှိလာရန် ရှိနေသည်။
ဤစစ်ရေးလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ နေတိုးအဖွဲ့၏ အဆင့်မြှင့်တင်ထားသော အသင့်ပြင် မဟာမိတ်တုန့်ပြန်ရေးတပ်ဖွဲ့ (Allied Reaction Force – ARF) ၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန်ဖြစ်သည်။
အဆိုပါ တပ်ဖွဲ့ကို ကြည်း၊ ရေ၊ လေ အပြင် အာကာသ၊ ဆိုင်ဘာနှင့် အထူးစစ်ဆင်ရေး နယ်ပယ်အားလုံးတွင် အချိန်တိုအတွင်း အမြန်ဆုံး တုန့်ပြန်နိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ယခုလေ့ကျင့်မှုတွင် အီတလီ၊ ဂရိ၊ ဂျာမနီ၊ စပိန်နှင့် ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စစ်သည်အင်အား ၁၀,၀၀၀ ခန့် ပါဝင်မည် ဖြစ်သည်။
နေတိုးအဖွဲ့၏ ဒုတိယစစ်ဦးစီးချုပ် မေဂျာဂျင်နရယ် နီကိုလာ မန်ဒိုလက်စီ (Nicola Mandolesi) က ဂျာမနီနိုင်ငံသို့ ဤတပ်ဖွဲ့များ ရောက်ရှိလာခြင်းသည် နေတိုးအဖွဲ့၏ ညီညွတ်မှု၊ အင်အားနှင့် ပြတ်သားမှုကို လက်တွေ့ကျကျ သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် လာမည့်သီတင်းပတ်များအတွင်း ဂျာမနီနိုင်ငံမှတစ်ဆင့် အခြားဒေသများသို့ပါ နယ်မြေချဲ့ထွင်၍ ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုသည်။