ဖလော်ရီဒါ ပြည်နယ် အိုမားဟားမြို့မှ ကရင် အမည်နှင့် လူငယ် တစ်ဦး ပြန်ပေးမှုဖြင့် ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။ 

အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၉ နှစ်အရွယ် ကရင်နွယ်ဖွား လူငယ်တစ်ဦးဖြစ်သူ Hser Mu Lah Say (ဆာမူးလာစေး) ဆိုသူသည် အွန်လိုင်းဂိမ်းမှတစ်ဆင့် ကလေးငယ်များကို ဖြားယောင်းသွေးဆောင်၍ ပြန်ပေးဆွဲခဲ့သည့်အတွက် ဖမ်းဆီးအရေးယူခံရသည်။

ဖလော်ရီဒါပြည်နယ်မှ အသက် ၁၂ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိ ညီအစ်မနှစ်ဦးမှာ ပြီးခဲ့သည့် စနေနေ့ညက ပျောက်ဆုံးသွားခဲ့ရာမှ ဂျော်ဂျီယာပြည်နယ်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မာတင်ကောင်တီ ရဲအရာရှိရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါမိန်းကလေးငယ်များသည် “Roblox” ဂိမ်းနှင့် Snapchat တို့မှတစ်ဆင့် သံသယရှိသူ လူငယ်နှင့် ရင်းနှီးခဲ့ကြခြင်းဖြစ်သည်။ 

သံသယရှိသူသည် ကလေးငယ်များကို ခေါ်ဆောင်ရန် အိုမားဟားမြို့မှ ဖလော်ရီဒါသို့ ကားမောင်းလာခဲ့ပြီး ပြည်နယ်ကျော် ခေါ်ဆောင်ရန် ကြိုးပမ်းစဉ် ဂျော်ဂျီယာပြည်နယ် လမ်းကင်းလှည့်ရဲတပ်ဖွဲ့၏ တားဆီးခြင်းကို ခံခဲ့ရသည်။ 

လက်ရှိတွင် မိန်းကလေးငယ်များမှာ ဘေးကင်းလုံခြုံစွာ ရှိနေပြီး၊ သံသယရှိသူ ဆာမူးလာဆေးကိုမူ ပြန်ပေးဆွဲမှု အပါအဝင် စွဲချက်များစွာဖြင့် ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်သည်။