ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီမှ အရာရှိကြီး ၁၀ ဦးကို ပြည်သူ့သစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်
စစ်ကော်မရှင်၏ စီးပွားရေးထောက်တိုင် စီမံကိန်းများတွင် ဆက်လက် တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂလိက Non-CDM ဝန်ထမ်း (၁၀) ဦးကို ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ‘ပြည်သူ့သစ္စာဖောက်’ အဖြစ် အမည်ပျက်စာရင်း ထုတ်ပြန်လိုက်သည်။
စစ်ကော်မရှင်၏ အဓိကဝင်ငွေရရှိရာ စီမံကိန်းများတွင် တာဝန်ထမ်းဆောင်ရင်း တော်လှန်ရေးတွင် ပူးပေါင်း ပါဝင်ရန် ငြင်းဆန်ခဲ့သည့် ပုဂ္ဂလိက Non-CDM ဝန်ထမ်း (၁၀) ဦးကို ပြည်သူ့သစ္စာဖောက်များအဖြစ် သတ်မှတ် ကာ အမည်ပျက်စာရင်း (Blacklist) ထုတ်ပြန်လိုက်ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ ဖေဖော်ဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် မြန်မာ-ဝမ်ပေါင် (Wanbao) နှင့် မြန်မာ-ယန်စီ (Yang Tse) ကုမ္ပဏီများမှ အကြံပေး (Advisor)၊ အထွေထွေမန်နေဂျာ (GM Consultant) နှင့် မန်နေဂျာ (Manager) အဆင့်ရှိသည့် ထိပ်ပိုင်းတာဝန်ရှိသူ (၁၀) ဦး ပါဝင်နေသည်။
၎င်းတို့အား ဇန်နဝါရီလ (၃၁) ရက်နေ့ကို နောက်ဆုံးထား၍ အလုပ်မှနုတ်ထွက်ရန် တိုက်တွန်းခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ စစ်အုပ်စု၏ စီမံကိန်းများတွင် ဆက်လက်ဦးဆောင် ပါဝင်နေသည့်အတွက် ယခုကဲ့သို့ အမည်ပျက်စာရင်းသွင်းခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆားလင်းကြီးမြို့နယ် ပုဂ္ဂလိက Non-CDM ဝန်ထမ်းစီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ၎င်းတို့၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ယခုကဲ့သို့ ရှင်းပြသည်။
“ဒီလူတွေဟာ စစ်ကောင်စီအတွက် တစ်လကို ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရအောင် လုပ်ပေးနေတဲ့ အဓိက ထောက်တိုင်တွေဖြစ်ပါတယ်။ ပြည်သူ့ဘက်ရပ်တည်ဖို့ အကြိမ်ကြိမ် အခွင့်အရေးပေးခဲ့ပေမယ့် ငြင်းပယ်ခဲ့ ကြတာကြောင့် ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသွားမယ့် ပြည်သူ့သစ္စာဖောက်စာရင်းထဲ ထည့်သွင်း လိုက်တာပါ။”
အမည်ပျက်စာရင်း ထုတ်ပြန်ခံရသူများသည် စစ်တပ်အတွက် အခွန်ငွေနှင့် ဝင်ငွေစီးဆင်းမှု လမ်းကြောင်းများကို အသက်သွေးကြောသဖွယ် ဖော်ဆောင်ပေးနေသူများဖြစ်ကြောင်း၊ နောင်တွင် ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရ လက်ထက်တွင်လည်း ၎င်းတို့၏ လုပ်ရပ်များအတွက် တရားစီရင်ရေးအရ တာဝန်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် သတိပေးထားသည်။
ထို့အပြင် အဆိုပါကုမ္ပဏီများ၌ ဆက်လက်တာဝန်ထမ်းဆောင်နေသည့် အခြားဝန်ထမ်းများကိုလည်း အချိန်မီ ပြည်သူနှင့် ပူးပေါင်းရန် တိုက်တွန်းထားပြီး လိုက်နာခြင်းမရှိပါက အမည်ပျက်စာရင်းများကို ထပ်မံထုတ်ပြန်သွား မည်ဟု ဆားလင်းကြီးမြို့နယ် ပုဂ္ဂလိက Non-CDM ဝန်ထမ်းစီမံခန့်ခွဲရေး ကော်မတီက အသိပေးထားသည်။