ထရန့်က အီရန်ကို ၁၀ ရက် အချိန်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံနှင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက်အသစ် တစ်ရပ် ရရှိခြင်း ရှိ၊ မရှိကို လာမည့် (၁၀) ရက်အတွင်း သိရှိရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။
သမ္မတထရန့်က အီရန်အနေဖြင့် အဓိပ္ပာယ်ရှိသော သဘောတူညီချက်တစ်ရပ်ကို အဆိုပါကာလအတွင်း မရရှိခဲ့ပါက “မကောင်းသော အကျိုးဆက်များ” ဖြစ်ပေါ်လာလိမ့်မည်ဟု သတိပေးခဲ့ရာ၊ ယင်းမှာ စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်လာနိုင်သည့် အခြေအနေကို ဆိုလိုခြင်းဖြစ်သည်။
လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသည် အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်သင်္ဘော အပါအဝင် စစ်အင်အားများကို တိုးမြှင့်စေလွှတ်ထားပြီး ဖြစ်သည်။
အိမ်ဖြူတော်ကမူ အီရန်အနေဖြင့် ဆိုးကျိုးများကို ရှောင်လွှဲနိုင်ရန် သဘောတူညီချက်တစ်ရပ် ရရှိအောင် ကြိုးပမ်းခြင်းမှာ အသိဉာဏ်ရှိသော လုပ်ရပ်ဖြစ်လိမ့်မည်ဟု တိုက်တွန်းထားသည်။
တစ်ဖက်တွင်လည်း ဆွစ်ဇာလန်နိုင်ငံ၌ အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုများ ရှိနေသည်။
သမ္မတထရန့်၏ အထူးစေလွှတ်ရေးမှူးများဖြစ်သည့် စတိဗ်ဝတ်ကော့ဖ် (Steve Witkoff) နှင့် ဂျာရက် ကပ်ရှ်နာ (Jared Kushner) တို့သည် အီရန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သမ္မတထရန့်အနေဖြင့် အီရန်အပေါ် စစ်ရေးအရ အရေးယူရန် ပြင်ဆင်နေသော်လည်း အခြားတစ်ဖက်တွင် ဖိအားပေး ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။
ဗြိတိန်အစိုးရက အမေရိကန်အနေဖြင့် အီရန်ကို တိုက်ခိုက်မည်ဆိုပါက ဗြိတိန်ပိုင် စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း အတိအလင်း ပြောကြားထားသည်။
အမေရိကန်လွှတ်တော်တွင် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလီကန် အမတ်အချို့က လွှတ်တော်၏ ခွင့်ပြုချက်မပါဘဲ အီရန်ကို စစ်မတိုက်ရန် ကန့်ကွက်နေကြသည်။ ၎င်းတို့သည် “စစ်ပွဲအာဏာဥပဒေ” (War Powers Act) ကို အသုံးပြု၍ သမ္မတ၏ စစ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
အီရန်၏ အဓိပတိခေါင်းဆောင် အယာတိုလာ ခါမေနီ ကမူ အမေရိကန်၏ ခြိမ်းခြောက်မှုကို လူမှုကွန်ရက်မှတစ်ဆင့် တုံ့ပြန်ခဲ့သည်။ ၎င်းက အမေရိကန်၏ စစ်သင်္ဘောများကို ပင်လယ်အောက်ခြေသို့ နှစ်မြှုပ်ပစ်နိုင်သည့် လက်နက်များ အီရန်တွင် ရှိနေကြောင်း သတိပေး ခြိမ်းခြောက်ထားသည်။