အမေရိကန်က ဟော်မုဇ်ရေလက်ကြားတွင် အီရန်ကို ပိတ်ဆို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် 

အမေရိကန်ဦးဆောင်သော ရေတပ်အင်အားစုများသည် အီရန်နိုင်ငံ၏ အဓိကဝင်ငွေရရှိရာ ရေနံတင်ပို့မှုကို အပြီးတိုင် ဖြတ်တောက်ရန် ရည်ရွယ်၍ ဟော်မုဇ်ရေလက်ကြားကို စတင်ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။ 

ဤစစ်ရေးလှုပ်ရှားမှုကြောင့် ကမ္ဘာ့လောင်စာဆီ ဈေးကွက်နှင့် ဒေသတွင်း တည်ငြိမ်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။

အိမ်ဖြူတော်သည် အီရန်နိုင်ငံအား စီးပွားရေးအရ အကျပ်ကိုင်ရန်အတွက် “ရေတပ်ပိတ်ဆို့မှု” (Naval Blockade) နည်းလမ်းကို အသုံးပြုလာခြင်းဖြစ်သည်။ 

အမေရိကန် စစ်ဌာနချုပ် ဖြစ်သော CENTCOM ၏ ထုတ်ပြန်ချက်အရ အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက်ပြုလုပ်သည့် သင်္ဘောအားလုံးကို ကြားဖြတ်စစ်ဆေးသွားမည် ဖြစ်သော်လည်း အခြားပင်လယ်ကွေ့နိုင်ငံများ၏ သင်္ဘောများကိုမူ လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဟု ဆိုသည်။ ကျွမ်းကျင်သူအချို့ကမူ ၎င်းမှာ အီရန်မှလာသော ကုန်စည်များကိုသာ တားဆီးခြင်းဖြစ်၍ “ရေတပ် ကာရန်ဆီးခြင်း” (Naval Quarantine) ဟုလည်း သုံးနှုန်းကြသည်။

တနင်္လာနေ့မှစတင်၍ အီရန်နှင့် ဆက်နွှယ်သည့် ရေနံတင်သင်္ဘော ၈ စီးထက်မနည်းကို ကြားဖြတ်တားဆီးခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အနက် တရုတ်ပိုင် သင်္ဘောတစ်စီးလည်း ပါဝင်ခဲ့သည်။

သတင်းဌာနများ၏ ခွဲခြမ်းစိတ်ဖြာချက်အရ အီရန်သည် ရေနံတင်ပို့မှု လုံးဝရပ်တန့်သွားပါက ၎င်း၏ ရေနံသိုလှောင်ကန်များ ကုန်ခမ်း မသွားမီအထိ ရေနံကို ဆက်လက်ထုတ်လုပ်နိုင်မည် ဖြစ်သည်။ သိုလှောင်ကန်များ ကုန်သွားပါက ထုတ်လုပ်မှုကို မဖြစ်မနေ လျှော့ချရမည်ဖြစ်သည်။

သုတေသန အဖွဲ့တစ်ခု ဖြစ်သော FGE NextantECA က အီရန်သည် ၎င်း၏ ရေနံထုတ်လုပ်မှုကို (၂) လမှ (၃) လအထိ ဆက်လက် လုပ်ဆောင်နိုင်မည်ဟု ခန့်မှန်းသည်။

အခြား သုတေသန အဖွဲ့ဖြစ်သော Energy Aspects ကမူ အီရန်၏ သိုလှောင်နိုင်စွမ်းမှာ နည်းပါးသဖြင့် (၁၆) ရက်ခန့်သာ ခံနိုင်ရည်ရှိပြီး မေလအတွင်း ထုတ်လုပ်မှု သိသိသာသာ လျှော့ချရလိမ့်မည်ဟု ဆိုသည်။

ဟော်မုဇ်ရေလက်ကြားသည် တစ်ရက်လျှင် သင်္ဘောအစီးပေါင်း ၁၄၀ နီးပါး ဖြတ်သန်းနေသည့် နေရာဖြစ်ရာ သင်္ဘောအားလုံးကို စစ်ဆေးရန်မှာ အမေရိကန်ရေတပ်အတွက် ခက်ခဲမည့် လုပ်ငန်းစဉ် ဖြစ်သည်။

ပိတ်ဆို့မှုများသည် စစ်ဘက်ကို ထိခိုက်စေရန် ရည်ရွယ်သော်လည်း အမှန်တကယ်တွင် အရပ်သားများ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးကဏ္ဍကို ပိုမိုထိခိုက်စေလေ့ရှိသည်။ အီရန်၏ ရေနံဝင်ငွေ ပြတ်တောက်မှုသည် ၎င်းတို့၏ စားနပ်ရိက္ခာ တင်သွင်းမှုကိုပါ ထိခိုက်လာနိုင်ခြေ ရှိသည်။