ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရန် ဖိလစ်ပိုင်နှင့် ကုလသမဂ္ဂ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သော ဖိလစ်ပိုင်အစိုးရက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးရန် တနင်္ဂနွေနေ့တွင် ထပ်မံတိုက်တွန်းလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းသည် မြန်မာနိုင်ငံ၌ အားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန်နှင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရန်အတွက် မရှိမဖြစ်လိုအပ်သည့်အချက် ဖြစ်သည်ဟု ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ဦးထိန်လင်း (ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူ ၂၀၂၁ ခုနှစ်ကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့်အပေါ် စိုးရိမ်ပူပန်ကြောင်းနှင့် “မိခင်ဖြစ်သူ အသက်ရှင်နေကြောင်း အထောက်အထားပြပေးရန်” သားတစ်ဦးအနေဖြင့် တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးရန် တောင်းဆိုထားဆဲဖြစ်သည်။
သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် မင်းအောင်လှိုင်က သင်္ကြန်ကာလအတွင်း အကျဉ်းသား ၄,၃၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်ဟု ဆိုခဲ့သည်။
လွတ်မြောက်လာသူများတွင် သမ္မတဟောင်း ဦးဝင်းမြင့် ပါဝင်လာခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့များကမူ အမှန်တကယ်လွတ်မြောက်လာသူ အရေအတွက်မှာ ထိုထက်များစွာနည်းပါးကြောင်း ဝေဖန်နေကြသည်။
ဝေဖန်သူများက ဤလွတ်ငြိမ်းခွင့်သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရယူလိုသော ပြကွက်တစ်ခုသာဖြစ်သည်ဟု သုံးသပ်ကြသည်။
ထိုအခြေအနေများအတွင်းမှာပင် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်သည် လာမည့်အပတ်တွင် နေပြည်တော်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း ထိုင်း PBS သတင်းဌာနက ထုတ်ပြန်ထားသည်။