အသွင်ကူးပြောင်းရေး အစိုးရ ပေါ်ပေါက်စေရန် SCEF ကို ဖွဲ့စည်းခြင်း ဖြစ်ဟု ဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်။
SCEF ဦးဆောင်ကော်မတီကို အနာဂတ် အသွင်ကူးပြောင်းရေး အစိုးရ တစ်ရပ် ပေါ်ပေါက်လာစေရန် ဦးတည် သည့် ‘နိုင်ငံရေးဦးဆောင်အဖွဲ့’ အဖြစ် အဓိက မဟာမိတ် ၆ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုသည်။
ယခု ဖွဲ့စည်းလိုက်သည့် ‘ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)’ သည် တော်လှန်ရေးအပြီး အသွင်ကူးပြောင်းရေးကာလ အစီအမံများ အသက်မဝင်မီ ကြားကာလအတွင်း နိုင်ငံရေးနှင့် အဖွဲ့အစည်းလိုက် တည်ဆောက်မှုဆိုင်ရာ (Institutional) ဦးဆောင်မှုပေးနိုင်ရန် ရည်ရွယ် ခြင်း ဖြစ်သည်ဟု ဆိုသည်။
SCEF အတွင်းရေးမှူး အဖွဲ့ဝင် ဦးအောင်ဆန်းမြင့်က “၅ နှစ်တာ တော်လှန်ရေးကာလ အတွင်းမှာလည်း စစ်ရေး အရ နိုင်ငံရေးအရ အောင်မြင်မှုတွေ တချို့ရရှိခဲ့ပေမဲ့ ကျနော်တို့ တော်လှန်ရေးကြီးကို အပြီးသတ် အောင်မြင် အောင် ကျနော်တို့ မစွမ်းဆောင်နိုင်ခဲ့သေးပါဘူး။ ဒါကြောင့်မို့လို့ တော်လှန်ရေးကို အရှိန်အဟုန် မြင့်တင်ပြီး အသွင်ကူးပြောင်းရေးကာလ အစိုးရ တစ်ရပ်ကို အောင် မြင်စွာ ဖွဲ့စည်းနိုင်ရေးနဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် SCEF ကို ကျနော်တို့ စတင်ဖွဲ့စည်းလိုက်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဦးဆောင်ကောင်စီ၏ အနာဂတ် ပြည်ထောင်စု တည်ဆောက်ရေး ပုံစံနှင့် ပတ်သက်၍လည်း ဧပြီလ ၁၁ ရက်နေ့ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်ဆန်းမြင့် က
“ကျနော်တို့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို ပေါင်းကူးပေးမဲ့ တံတား တစ်စင်းအဖြစ်လည်း ရည်ရွယ်ပြီး ဖွဲ့စည်းထားတယ်ဆိုတာကို သိမြင်နိုင်မှာ ဖြစ်ပါ တယ်။ ကျနော်တို့ အချင်း ချင်း ကြားထဲမှာ ချည်းကပ်တဲ့အခါ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး ချဉ်းကပ်မှု ဖက်ဒရယ်စနစ် (Bottom-up federalism) အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်သွားဖို့ သဘော တူညီခဲ့ကြပြီး ထုတ်ပြန်ကြေညာချက်များလည်း ထုတ်ပြန်ခဲ့ကြတာ ရှိပါတယ်။” ဟု ပြောသည်။
SCEF ၏ စုဖွဲ့မှုကို ပြည်နယ် ဖက်ဒရယ်ယူနစ်များ၊ ပြည်သူ့ကိုယ်စားလှယ်များနှင့် အမျိုးသမီး ဆိုသည့် မဏ္ဍိုင် ၃ ရပ်အပေါ် အခြေခံထားပြီး နိုင်ငံခြားရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး၊ ဖက်ဒရယ်ရေးရာ၊ ဘဏ္ဍာရေးနှင့် စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးဟူသည့် ကဏ္ဍ ၅ ရပ်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အမျိုးသမီးများ ပါဝင်မှုကဏ္ဍနှင့် ပတ်သက်၍ ဦးအောင်ဆန်းမြင့်က “နောက်ဆုံး မဏ္ဍိုင်တစ်ခုကတော့ အမျိုး သမီး ကိုယ်စားပြု အခန်းကဏ္ဍဖြစ်ပါတယ်။ ဒီနေရာမှာ အမျိုးသမီး မဏ္ဍိုင်ကို ကောင်စီဖွဲ့စည်းပုံ ပါ စဉ်းစား ထည့်သွင်းထားခြင်းဟာ ကျနော်တို့ သရုပ်ပြ သက်သက် မဟုတ်ဘူးဆိုတာကို ပြောချင်ပါတယ်။ အမျိုးသမီး မဏ္ဍိုင်ဟာ ဖက်ဒရယ်ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ ကောင်စီရဲ့ အခြေခံ အုတ်မြတ် တစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးများ ဦးဆောင်မှုမှာ ပါဝင်နေခြင်းအားဖြင့် အုပ်ချုပ်စီမံခန့်ခွဲမှု လုပ်ငန်းများ တာဝန်ယူမှု တာဝန်ခံမှု ဆိုင်ရာများနဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာများမှာ ပိုပြီး အားကောင်းစေနိုင်မယ်လို့ ကျနော်တို့ အနေနဲ့ ယုံကြည်ပါ တယ်” ဟု ဖြည့်စွက် ပြောဆိုသည်။
ဦးဆောင်ကောင်စီ အနေဖြင့် အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးခြင်း၊ ပူးပေါင်းခေါင်းဆောင်မှု၊ အသွင် ကူးပြောင်းရေးဆိုင်ရာ တာဝန်ယူမှုနှင့် အပြန်အလှန် လေးစားမှုဆိုသည့် မူ ၄ ချက်ကို ကိုင်စွဲကာ တော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဒေါ်ဇင်မာအောင်က “ကျမတို့က Next level ပိုပြီးထိရောက်တဲ့ စုဖွဲ့မှုတွေ နဲ့ အလုပ်ပါတဲ့ အစုအဖွဲ့ ဖြစ်အောင် လို့ ဖြတ်သန်းခဲ့တဲ့ ၅ နှစ်အတွင်းက စုဖွဲ့မှုတွေ အပေါ်မှာလည်း သင်ခန်းစာ တွေ ယူပြီးတော့ ကျမတို့တွေ ခုန ကဏ္ဍ ၅ ရပ်ပါမယ်။ စစ်ရေးရယ်၊ နိုင်ငံခြားရေး ၊လုံခြုံရေး ကာကွယ်ရေး၊ ဖက်ဒရယ်ရေး နဲ့ ဘဏ္ဍာရေးပေါ့နော်။ ဆိုတော့ ဒီကဏ္ဍ ၅ ရပ်ကိုလည်းပဲ မဟာဗျူဟာအရ ပေါင်းစပ်ပြီး အကောင်အထည် ဖော်ဖို့ ဆိုတဲ့နေရာမှာ အသီးသီးသော ကဏ္ဍအလိုက် လုပ်ငန်းတွေမှာလည်း လုပ်ငန်းတွေ ဖော်ဆောင်ဖို့လိုတယ်” ဟု ပြောသည်။
ထို့ပြင် လာမည့် ရက်ပေါင်း ၆၀ အတွင်း အဖွဲ့ဝင်သစ်များ ထပ်မံတိုးချဲ့နိုင်ရေးနှင့် ပြည်တွင်းပြည်ပ ထောက်ခံမှု ရရှိရေးတို့ကို ဦးစားပေး လုပ်ဆောင်သွားမည်ဟု ဆိုသည်။
လက်ရှိတွင် အဖွဲ့အစည်း ၆ ဖွဲ့ဖြင့် ကနဦး စတင်ထားသော်လည်း တော်လှန်ရေး အဖွဲ့အစည်း အားလုံး ပါဝင်လာ နိုင်ရေးအတွက် ဆက်သွယ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ တွင် ထည့်သွင်း ပြောဆိုခဲ့သည်။