NCA ကို အခြေခံသည့် နိုင်ငံရေး တွေ့ဆုံပွဲများတွင် KNPP ပါမည်မဟုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်။ 

စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA ကို အခြေခံထားသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို အသိအမှတ်ပြု လက်ခံဆွေးနွေးသွားမည် မဟုတ်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောဆိုလိုက်သည်။

NCA ပါ သဘောတူညီချက်များမှာ နိုင်ငံရေးတွင် စစ်တပ် ပါဝင် စွက်ဖက်ခွင့်ကို ခွင့်ပြုထားခြင်းကြောင့် လက်မခံ ခြင်း ဖြစ်ကြောင်း KNPP က ပြောသည်။ 

ဧပြီလ ၂၀ ရက်နေ့ (ယမန်နေ့) က ပြုလုပ်ခဲ့သည့် စစ်အစိုးရ၏ အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးသွားမည်ဟု ဦးမင်းအောင်လှိုင်၏ ပြောဆိုမှုအပေါ်  KNPP က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

KNPP အထွေထွေ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ကျနော်တို့ကတော့ ဒီ NCA လမ်းကြောင်းနဲ့က ကျနော်တို့ အခုလိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ကျနော်တို့ သွားနိုင်မှာ မဟုတ်ဘူးလို့ အဲလိုပဲ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် အခု သူတို့ သဘောတူညီထားတဲ့ National Acord ၄၃ ချက်ကလည်း တကယ့် နိုင်ငံရေး ဆန်တဲ့ ကတိကဝတ်တွေကို ဘာမှ မတွေ့ရဘူးဗျ။နောက်တစ်ခုက ဒီ ဘယ်လိုပဲ ပြောပြော ၂၀၀၈ အပြင်က National Acord ကို ယူတယ်လို့ ပြောပေမယ့် ၂၀၀၈ နဲ့ ဘယ်လိုမှ မကင်းဘူး။ ဆိုတော့ ၂၀၀၈ ကလည်း ကျနော်တို့ စစ်တပ် နိုင်ငံရေးမှာ ဝင်ရောက်စွတ် ဖက်တာကိုပဲ ဒါက ခွင့် ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်တော့ ဒါကြောင့် ဘယ်လိုမှ မဖြစ်နိုင်ဘူးလေနော်။ ဒါကတော့ ဥပဒေ အကြောင်းအရ တကယ်ဆွေးနွေးမယ် ပြုမယ်ဆိုလို့ရှိရင် ဒါကတော့ မဖြစ်နိုင်ဘူးဟု ပြောသည်။

NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေး နွေးသွားမည်ဟု ဧပြီလ ၂၀ ရက်နေ့ (ယမန်နေ့) က ပြုလုပ်ခဲ့သည့် စစ်အစိုးရ၏ အစည်းအဝေးတွင် ဦးမင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထားပြီးတော့မှ ကျနော်တို့ ဒီ ၅ နှစ်အတွင်းမှာ တွေ့ဆုံမှု မပြုတဲ့ အဖွဲ့တွေရှိတယ်။ ဥပမာ KNU တို့ အဖွဲ့တို့ပေါ့နော်။ CNF လိုဟာမျိုးတွေ ABSDF လိုဟာမျိုးတွေ ကျနော်တို့ ဖိတ်ခေါ်သွားမှာပါ။ ဘာလုပ်ချင်တယ်။ ဆွေးနွေးလိုမှုတွေ ကျနော်တို့ AA ကိုလည်းဖိတ်ခေါ်ပါတယ်။ လက် မှတ်ရေးထိုးထားပြီးတော့မှ ကျနော်တို့ သဘောတူညီချက် ရေးထားတာရှိတယ်။ ဘာလဲ ၄၃ ချက် သဘောတူ တာရှိပါတယ်။ အဲတော့ NCA လက်မှတ်ရေးထိုးပြီးမှ ဆွေးနွေးတဲ့ထဲမှာ Union Accord ရထားတဲ့ သဘော တူညီချက်တွေ ရှိတယ်။ အဲဒါပဲ လာမဲ့ လွှတ်တော်တွေမှာ တင်ပြပြီးတော့ အပိုင်းလိုက် ကျနော်တို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ခုနကပြောတဲ့ တွေ့ဆုံဆွေးနွေးရေး မပြုရသေးတဲ့ အဖွဲ့တွေလည်း တွေ့ဆုံ ဆွေးနွေးဖို့ကို ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ ဆွေးနွေးဖို့အတွက် ကျနော်တို့ ဖိတ်ခေါ်ပါတယ်ဟု ပြောသည်။

ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) ၄၃ ချက်ဆိုသည်မှာ ၂၁ ရာစု ပင်လုံညီလာခံ အဆင့်ဆင့်တွင် NCA အဖွဲ့များနှင့် သဘောတူညီခဲ့သည့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေခံမူများဖြစ်သည်။

ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ သဘောတူညီမှု ရရှိထားသည့် အဆိုပါ အချက် ၄၃ ချက်သည် နိုင်ငံရေး အရ အာမခံမှု ပေးနိုင်သည့် အချက်များ မဟုတ်ပဲ စီးပွားရေး၊ အမျိုးသမီးအရေးနှင့် သဘာဝပတ်ဝန်းကျင် အရေး နှင့် ပတ်သက်သည့် အချက်များသာ တွေ့ရသည်ဟု KNPP က ဆိုသည်။

အဆိုပါအချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဘောင်အတွင်း၌သာ ရှိနေပြီး စစ်တပ်က နိုင်ငံရေး တွင် ဆက်လက်ပါဝင်ခွင့်ကို အကာအကွယ်ပေးထားသည့်အတွက် တော်လှန်ရေးအင်အားစုများက လက်မခံခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးသွားမည့်ဟု ဦးမင်းအောင်လှိုင်က ပြောဆိုနေသော်လည်း လက်တွေ့တွင် ၎င်း၏ ပြောဆိုမှုများသည် မြေပြင် အခြေအနေနဲ့ ကင်းကွာနေသည်ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

၎င်းက ငြိမ်းချမ်းရေးကို ခေါ်တယ်ပြောပြီးတော့မှ ဒီနေ့အချိန်အထိ ကျနော်တို့ ပြည်နယ်ထဲမှာ နောက်တစ်ခြား ဒေသ တွေမှာ နေ့စဉ် လေယာဉ်နဲ့ ဗုံးကြဲ  ဒရုန်းနဲ့ပစ် အမြောက်နဲ့ ပစ် ဒါတွေကို  မရပ်စဲပဲနဲ့ ကျနော်တို့က ဘယ် လိုလုပ် စားပွဲပေါ်မှာ တင်ပြီးမှ နိုင်ငံရေး ဆွေးနွေးရမှာလဲ ဆိုတဲ့ မေးခွန်းက ရှိပါတယ်။ အပြောတစ်မျိုး အလုပ် တစ်မျိုးနဲ့ကတော့ ကျနော်တို့ အလုပ်မဖြစ်ဘူးပေါ့နော် ဟု ပြောသည်။

တွေ့ဆုံဆွေးနွေးမှုများကို ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မှီ လုပ်ဆောင်သွားဖြစ်ပြီး ငြိမ်းချမ်းရေးတွင်  မဖြစ်နိုင် သည့် အရာများကို တောင်းဆိုပြီး အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေးအတွက် လုပ်နေမည်ဆိုပါက လုပ်သင့် လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဟု ဦးမင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ် PDF များကိုလည်း ဇူလိုင်လ ၃၁ ရက် မတိုင်မှီ ဥပဒေဘောင်အတွင်းသို့ ဝင်လာကြရန် ဦးမင်းအောင်လှိုင်က ပြောဆိုထားသည်။

Photo-KnIC (ပုံဟောင်း)