SCEF က အမျိုးသမီးများကို ဆုံးဖြတ်ချက်ချရာတွင် ပါဝင်စေမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်။ 

မကြာမီက ဖွဲ့စည်းလိုက်သည့် တော်လှန်ရေး တပ်ပေါင်းစု ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ SCEF တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဆုံးဖြတ်ချက်ချနိုင်သည့် အဓိကမဏ္ဍိုင်အဖြစ် အာဏာခွဲဝေပေး သွားမည်ဟု ကောင်စီတာဝန်ရှိသူများက ပြောဆိုလိုက်သည်။

ယခုဖွဲ့စည်းလိုက်သည့် ကောင်စီတွင် အမျိုးသမီးကဏ္ဍကို သရုပ်ပြသက်သက်မဟုတ်ဘဲ ဖက်ဒရယ် ပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက် ခိုင်မာသည့် ‘အခြေခံအုတ်မြစ်’ တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။

SCEF ၏ စုဖွဲ့မှုတွင် ပြည်နယ်ဖက်ဒရယ်ယူနစ်များ၊ ပြည်သူ့ကိုယ်စားလှယ်များနှင့်အတူ ‘အမျိုးသမီးမဏ္ဍိုင်’ ကို တန်းတူထားရှိခြင်းမှာ တော်လှန်ရေးကာလအတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ စီမံခန့်ခွဲမှုများကို ပိုမို အားကောင်းစေရန် ဖြစ်ကြောင်း SCEF အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်ဆန်းမြင့်က ပြောသည်။

အမျိုးသမီး မဏ္ဍိုင်ကို ကောင်စီဖွဲ့စည်းပုံပါ စဉ်းစားထည့်သွင်းထားခြင်းဟာ ကျနော်တို့ သရုပ်ပြ သက်သက် မဟုတ်ဘူးဆိုတာကို ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ အမျိုးသမီး မဏ္ဍိုင်ဟာ ဖက်ဒရယ်ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ ကောင်စီရဲ့ အခြေခံ အုတ်မြင့်တစ်ခုဖြစ်ပါတယ်။ အမျိုးသမီးများ ဦးဆောင်မှုမှာ ပါဝင်နေ ခြင်းအားဖြင့် အုပ်ချုပ်စီမံခန့်ခွဲမှု လုပ်ငန်းများ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာများနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာ များမှာ ပိုပြီး အားကောင်းစေနိုင်မယ်လို့ ကျနော်တို့ အနေနဲ့ ယုံကြည်ပါတယ် ဟု ဦးအောင်ဆန်းမြင့်က ပြော သည်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)’ သည် ၅ နှစ်တာ တော်လှန်ရေး ကာလအတွင်း ရရှိခဲ့သည့် သင်ခန်းစာများကို အခြေခံကာ တော်လှန်ရေးမှ အသွင်ကူးပြောင်းရေးကာလသို့ ကူးပြောင်းပေးမည့် ‘ပေါင်းကူးတံတား’ တစ်စင်းအဖြစ်လည်း ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုစုဖွဲ့မှုသည် လွန်ခဲ့သည့် ၅ နှစ်အတွင်းက သင်ခန်းစာများကိုယူ၍ ဖော်ဆောင်သည့် ‘Next Level’ စုဖွဲ့မှု ဖြစ်ပြီး၊ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးကဏ္ဍမှာ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း အတည်ပြုခဲ့သည်။

ဒေါ်ဇင်မာအောင်ကကျမတို့ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော် ကိုယ်စားပြုထားတဲ့ အမျိုးသမီး ကိုယ်စားပြုမှု ဆိုတဲ့ မဏ္ဍိုင်တွေပေါ့နော်။ ဒီစုဖွဲ့မှုတွေမှာ ဒီအခြေခံစဉ်းစားချက်တွေနဲ့ ကျမတို့ စုဖွဲ့ခဲ့ကြတာဖြစ်တယ်။ ဖြတ် သန်းခဲ့တဲ့ ၅ နှစ်အတွင်းက စုဖွဲ့မှုတွေအပေါ်မှာလည်း သင်ခန်းစာတွေယူပြီးတော့ ကျမတို့တွေ ဒီကဏ္ဍ ၅ ရပ် ပါမယ်။ စစ်ရေးရယ်၊ နိုင်ငံခြားရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ ဖက်ဒရယ်ရေးနဲ့ ဘဏ္ဍာရေးပေါ့နော်။ ဒီလို ဆောင်ရွက်ချက်တွေက တော်လှန်ရေး အခြေအနေကို အောင်မြင်တိုးတက် ကောင်းမွန်စေရုံ သာမကဘဲနဲ့ ကျမ တို့ကိုပါ အသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ မျှော်မှန်းချက် များအတွက်ပါ အခြေခံကောင်းတွေဖြစ်ဖို့လို့ ချိန်ညှိဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု ပြောသည်။

ဤကောင်စီသည် တစ်ခုတည်းသော ကွပ်ကဲမှုစနစ် (One Command) အောက်တွင် စစ်ရေးဗျူဟာများကို ပေါင်းစပ်ရန် ပြင်ဆင်နေသော်လည်း၊ နယ်စပ်ဒေသရှိ အင်အားကြီးအဖွဲ့အချို့မှာ အိမ်နီးချင်းနိုင်ငံများ၏ ပထဝီ နိုင်ငံရေး ဖိအားကြောင့် တရားဝင်အဖွဲ့ဝင်အဖြစ် မပါဝင်နိုင်သေးသည့်အပေါ် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ 

သို့သော်လည်း အဆိုပါအဖွဲ့များနှင့် မဟာမိတ် (Alliance) လမ်းကြောင်းမှတစ်ဆင့် စစ်ရေးနှင့် နိုင်ငံရေးအရ အမြဲထိတွေ့ချိတ်ဆက်နေကြောင်း SCEF ၏ ဧပြီလ ၁၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုထားသည်။

လာမည့် ရက်ပေါင်း ၆၀ အတွင်း SCEF အနေဖြင့် အခြားသော တော်လှန်ရေးအင်အားစုများ ထပ်မံပါဝင် လာရေးနှင့် ပြည်တွင်းပြည်ပ ထောက်ခံမှုရရှိရေးကို ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ပြီး၊ အချုပ်အခြာ အာဏာကို ခွဲဝေကျင့်သုံးခြင်းနှင့် ပူးပေါင်းခေါင်းဆောင်မှုမူများဖြင့် ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့ ဆက် လက်ချီတက်သွားမည် ဟု ဆိုသည်။