ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ ချေးငွေကို အီးယူ အတည်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်။ 

ယူကရိန်းနှင့် ဟန်ဂေရီနိုင်ငံတို့ကြားရှိ ရေနံပိုက်လိုင်းပြဿနာ ပြေလည်သွားပြီးနောက် ဥရောပသမဂ္ဂ (EU) က ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ ချေးငွေအကူအညီကို အတည်ပြုလိုက်ပြီဖြစ်သည်။

အနှစ် ၂၀ နီးပါး အာဏာရခဲ့သည့် ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန်သည် ဧပြီလ ၁၂ ရက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပြီးနောက်၊ ဝန်ကြီးချုပ်သစ် ပီတာမက်ဂျာ (Péter Magyar) လက်ထက်တွင် အီးယူနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာခဲ့ခြင်းဖြစ်သည်။

ဤချေးငွေ၏ သုံးပုံနှစ်ပုံကို စစ်ရေးကာကွယ်ရေးအတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်ရှိသည့်ပမာဏကို ဘဏ္ဍာရေးနှင့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် သုံးစွဲမည်ဟု ယူကရိန်းက အဆိုပြုထားသည်။

EU သည် ချေးငွေအတည်ပြုရုံတင်မကဘဲ ရုရှားအပေါ် (၂၀) ကြိမ်မြောက် ထပ်တိုးပိတ်ဆို့ အရေးယူမှုများ လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။

ရုရှားက ကာဇက်စတန်မှတစ်ဆင့် ဂျာမနီသို့သွားမည့် ရေနံပိုက်လိုင်းကို ဖြတ်တောက်မည်ဟု ဆိုသော်လည်း၊ ဂျာမနီအစိုးရက အခြားလမ်းကြောင်းများရှိသဖြင့် စိုးရိမ်စရာမရှိကြောင်း တုံ့ပြန်ထားသည်။