အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် တက်ရောက်တဲ့ ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွား
သတင်းနဲ့ မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်။
ဝါရှင်တန်ဒီစီရဲ့ ခမ်းနားထည်ဝါလှတဲ့ စနေနေ့ညချမ်းဟာ ရုတ်တရက်ဆိုသလို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အခိုက်အတန့်တွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။
ဝါရှင်တန်ဟီလ်တန်ဟိုတယ်မှာ ကျင်းပနေတဲ့ အိမ်ဖြူတော်သတင်းထောက်များအသင်း (WHCA) ရဲ့ နှစ်ပတ်လည်ညစာစားပွဲမှာ သေနတ်သံလိုမျိုး ကျယ်လောင်တဲ့ အသံတွေထွက်ပေါ်လာပြီးနောက် သမ္မတ ဒေါ်နယ်ထရန့်ကို လုံခြုံရေးအဖွဲ့ဝင်တွေက အရေးပေါ် ဘေးကင်းရာကို ခေါ်ဆောင်သွားခဲ့ရပါတယ်။
ဖြစ်စဉ်ဖြစ်ပွားခဲ့ပုံ
ဝါရှင်တန်ဟီလ်တန်ဟိုတယ်ရဲ့ ခမ်းမကြီးအတွင်းမှာတော့ တီးဝိုင်းရဲ့ သံစဉ်တွေ၊ ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ သတင်းထောက်တွေရဲ့ ရယ်မောသံတွေကြောင့် စည်ကားလို့နေတယ်လို့ အဲဒီပွဲမှာ တက်ရောက်နေတဲ့ သတင်းထောက်တွေက ပြန်ရေးကြပါတယ်။
သမ္မတ ဒေါ်နယ်ထရန့်ဟာ သမ္မတသက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီညစာစားပွဲကို တက်ရောက်လာတာဖြစ်ပြီး စင်မြင့်ထက်မှာ ဂုဏ်သရေရှိလူကြီးမင်းတွေနဲ့အတူ နေရာယူထားခဲ့ပါတယ်။
ဒါပေမယ့်လည်း ပျော်ရွှင်စရာကောင်းနေတဲ့ အခိုက်အတန့်ဟာ ကျယ်လောင်လှတဲ့ အသံဗလံတွေကြောင့် ရုတ်ချည်းပျက်ပြယ်သွားခဲ့ပါတယ်။
ခန်းမထဲက ဧည့်သည်တွေဟာ “ဝပ်နေကြ! အောက်ဆင်းနေကြ!” ဆိုတဲ့ အော်ဟစ်သံတွေနဲ့အတူ ကြမ်းပြင်ပေါ်ကို မှောက်ချလိုက်ကြရပါတယ်။
“ကျွန်မ စားပွဲအောက်ကိုပဲ ငုပ်လျှိုးနေလိုက်တော့တယ်။ ဘာဖြစ်နေလဲဆိုတာ မသိရတဲ့အတွက် အန္တရာယ်ကို မစွန့်စားနိုင်ဘူးလေ” လို့ One America News သတင်းထောက် Alexandra Ingersoll က အခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။
အသံတွေထွက်ပေါ်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ လျို့ဝှက် လုံခြုံရေး Secret Service တပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေကိုယ်စီနဲ့ သမ္မတကို ဝိုင်းရံလိုက်ကြပြီး စင်နောက်ဘက်ကတစ်ဆင့် ဘေးကင်းရာကို အမြန်ဆုံး ခေါ်ဆောင်သွားခဲ့ပါတယ်။
အဲဒီ အချိန်မှာတော့ ခန်းမထဲက ဂီတသံတွေ ရပ်တန့်သွားပြီး ကြောက်လန့်တုန်လှုပ်နေတဲ့ ဧည့်သည်တွေကြားထဲမှာ လုံခြုံရေးအေးဂျင့်တွေဟာ သေနတ်တွေကိုင်ဆောင်ပြီး နေရာအနှံ့ ဖြန့်ကြက်စစ်ဆေးခဲ့ကြပါတယ်။
ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုကတော့ ဒီဟိုတယ်ဟာ လွန်ခဲ့တဲ့ ၄၅ နှစ်က အမေရိကန် သမ္မတ ရော်နယ်ရေဂင် လုပ်ကြံသတ်ဖြတ်ခံရမှုကနေ ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့တဲ့ ဟော်တယ်ပဲ ဖြစ်နေပါတယ်။
ညစာစားပွဲကနေ ဘေးကင်းရာကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရသူတွေထဲမှာ ကျန်းမာရေးဝန်ကြီး Robert F. Kennedy Jr လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ ၁၉၆၃ ခုနှစ်က လုပ်ကြံခံခဲ့ရတဲ့ သမ္မတ ဂျွန်အက်ဖ်ကနေဒီရဲ့ တူတော်စပ်သူဖြစ်ပါတယ်။
အဲဒီလိုပဲ သမ္မတရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Mehmet Oz ကလည်း အရေးပေါ်ထွက်ခွာသွားခဲ့ပါတယ်။
ဒီပစ်ခတ်မှု အတွင်းမှာ သမ္မတနှင့် သမ္မတကတော် လုံခြုံဘေးကင်းစွာ လွတ်မြောက်ခဲ့ပြိး အိမ်ဖြူတော်ကို ပြန်လှည့် သွားခဲ့ပါတယ်။
လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်လို့ သံသယ ရှိသူ တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ဝါရှင်တန်ဟီလ်တန်ဟိုတယ် ပတ်ဝန်းကျင်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက လမ်းတွေကို ပိတ်ဆို့ပြီး လုံခြုံရေးအဆင့်မြှင့်တင်ထားသလို၊ ကောင်းကင်ယံမှာလည်း ရဟတ်ယာဉ်တွေနဲ့ ကင်းလှည့်နေပါတယ်။