အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် မာလီ အာဏာသိမ်း အစိုးရ ကာကွယ်ရေးဝန်ကြီး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်။
အာဖရိကအနောက်ပိုင်း မာလီနိုင်ငံတွင် စနေနေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကာကွယ်ရေးဝန်ကြီး ဆာဒီယို ကာမရာ (Sadio Camara) သေဆုံးသွားကြောင်း အစိုးရရုပ်သံက အတည်ပြုထုတ်ပြန်သည်။
အယ်လ်ကိုင်းဒါးနှင့် ဆက်နွှယ်သည့် စစ်သွေးကြွအုပ်စုတစ်စုသည် မြို့တော် ဘာမာကိုအနီးရှိ ဝန်ကြီး၏နေအိမ်ကို ဗုံးအပြည့်တင်ဆောင်ထားသည့် ကားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီး ကာမရာသည် ပြန်လည်ခုခံပစ်ခတ်ခဲ့သော်လည်း ရရှိသောဒဏ်ရာများဖြင့် ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး၊ ၎င်း၏ မိသားစုဝင် ၃ ဦးလည်း အသက်ဆုံးရှုံးခဲ့သည်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး အစီမီ ဂွီတာ (Assimi Goita) ၏ နေအိမ်ကိုလည်း ပစ်မှတ်ထားခံခဲ့ရသော်လည်း ၎င်းကို ဘေးကင်းရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့သည်။
မာလီစစ်အစိုးရသည် ပဋိပက္ခချုပ်ငြိမ်းအောင် လုပ်ဆောင်မည်ဟု ကြွေးကျော်ခဲ့ပြီး ရုရှားကြေးစားစစ်သားများကို အသုံးပြု၍ သူပုန်များကို နှိမ်နင်းနေသော်လည်း လက်ရှိတွင် ဂျီဟတ်အုပ်စုများနှင့် ခွဲထွက်ရေးသူပုန်များ၏ တိုက်ခိုက်မှုမှာ ပိုမိုပြင်းထန်လာနေသည်။