ခေါင်လန်ဖူးရှိ ပြည်သူ့စစ်များ အများအပြား ထွက်ပြေးနေဟု KIO ပြောခွင့်ရပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်။
ကချင်ပြည် မြောက်ဖျားပိုင်း၊ ခေါင်လန်ဖူးဒေသတွင် လှုပ်ရှားနေသည့် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင်များသည် ထွက်ပြေးမှုများ ဆက်တိုက်ရှိနေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အဆိုပါ ထွက်ပြေးနေသည့် ပြည်သူ့စစ်များသည် ပူတာအိုအခြေစိုက် တန်ဂူးတန် ပြည်သူ့စစ်အဖွဲ့ဝင်များ ဖြစ်ကြ ပြီး ၎င်းတို့သည် ရှေ့တန်းစစ်မျက်နှာပြင်များတွင် စစ်တပ်နှင့်အတူ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်များကို ရင်ဆိုင်ရန် စေလွှတ်ခံထားရသူများ ဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် စစ်ရေးအခြေအနေနှင့် စစ်တပ်၏ ဖိအားများကြောင့် ၎င်းတို့မှာ စစ်မတိုက်လိုတော့ ဘဲ တောလမ်းများမှတစ်ဆင့် ထွက်ပြေးနေကြခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးနော်ဘူက “တချို့ ပြည်သူစစ်တွေ တော်တော်များများကတော့ စစ်မတိုက်ချင်လို့ ထွက်ပြေးသွားတဲ့ သတင်းတွေ တော်တော်များများ ထွက်နေပါတယ်။ သူတို့ရဲ့ ပူတာအိုတို့ မချမ်းဘော့တို့ပေါ့နော် သူတို့အိမ်တွေကို ပြန်ဖို့လည်း အခက်အခဲရှိပါတယ်။ ပြန်ရင်လည်း ပြန်ဖမ်းမှာကို သူတို့လည်း စိုးရိမ်နေတယ်” ဟု ပြောသည်။
ခေါင်လန်ဖူးဒေသသည် မြန်မာနိုင်ငံ မြောက်ဘက်ဆုံး ပူတာအို ခရိုင်အတွင်းရှိ မြို့နယ် တစ်ခု ဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေး အလွန်ခက်ခဲသည့် တောင်ပေါ်ဒေသဖြစ်သဖြင့် ထွက်ပြေးသည့် ပြည်သူ့စစ်များမှာ နေရပ်သို့ ပြန်လည်ရောက်ရှိရန် လမ်းခရီးတွင် အခက်အခဲများစွာ ကြုံတွေ့နေရသည့်အပြင်၊ နေရပ်ပြန်ရောက်ပါကလည်း စစ်တပ်၏ ပြန်လည်ဖမ်းဆီးခြင်း ခံရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
လက်ရှိ ခေါင်လန်ဖူးဒေသတွင် ဧပြီလအတွင်း မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန် မရှိသေးသော်လည်း စစ်တပ် ဘက်မှ ဒရုန်းများဖြင့် ကင်းထောက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများကို လုပ်ဆောင်နေ ကြောင်း ဆိုသည်။
“ခေါင်လန်ဖူးဖက်မှာကတော့ ဒီဧပြီလအတောအတွင်းမှာတော့ သိပ်ပြင်းထန်တဲ့ တိုက်ပွဲကတော့ မရှိဘူး။ အချင်းချင်း ရမ်းပြီးမှ လက်နက်ကြီးနဲ့ ပစ်တာတွေ၊ ဒရုန်းနဲ့ စောင့်ပြီးမှ ပစ်တာတွေတော့ရှိပါတယ်။ မြေပြင် တိုက်ပွဲ ပြင်းပြင်းထန်ထန်ကတော့ မရှိပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပြည်သူ့စစ်အဖွဲ့ဝင်များမှာမူ KIA ပူးပေါင်းတပ်များ၏ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်နိုင်သည့် အခြေအနေနှင့် စစ်တပ်၏ အတင်းအကျပ် ခိုင်းစေမှုများကြားတွင် စိုးရိမ်ကြောက်လန့်နေသည့် အနေအထားရှိကြောင်း ဒေသခံ များ၏ ပြောပြချက်ကို ကိုးကား၍ KIO က ဆိုသည်။
အလားတူ ကချင်ပြည်၊ တနိုင်းဒေသရှိ ပယင်းမှော်ဘက်တွင်လည်း KIA နှင့် ပူးပေါင်းတပ်များက စစ်တပ်၏ အခိုင်အမာစခန်းများကို ထိုးစစ်ဆင်လျက်ရှိရာ ဧပြီလ ၂၄ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ သည်။
နန်ဗျူချောင်းတစ်ကြောရှိ စစ်တပ်၏ ရှေ့တန်းကာကင်းစခန်း ၂ ခုကို ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ သော်လည်း အခိုင်အမာစခန်းကြီးများမှာမူ ကျန်ရှိနေသေးကြောင်း KIO က ဆိုသည်။
ကချင်ပြည်အတွင်း KIA ၏ ဗျူဟာမြောက် ထိုးစစ်များကြောင့် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင် များအတွင်း စိတ်ဓာတ်ပျက်ပြားမှုများ ပိုမိုများပြားလာနေပြီး ယခုကဲ့သို့ စွန့်ခွာထွက်ပြေးမှုများမှာ ရှေ့တန်း စစ်မျက်နှာပြင်များတွင် ပိုမိုထင်ရှားလာနေသည်ဟု ဒေသတွင်း စစ်ရေးလေ့လာသူများက ဆိုသည်။