မောတောင် နယ်စပ်ဂိတ်အနီး စစ်တပ်က ဗုံးကြဲတိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်။ 

မြန်မာ-ထိုင်းနယ်စပ်၊ တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မောတောင်မြို့ကို စစ်တပ်က ပေါင် ၃၀၀ ဗုံးများအသုံးပြုကာ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ဇနီးမောင်နှံနှစ်ဦး ဗုံးစထိမှန်ကာ သေဆုံးသွားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က စစ်တပ်သည် ဂျက်ဖိုက်တာများဖြင့် မောတောင်မြို့ပေါ်နှင့် အနီးနားရှိ ကျေးရွာ များသို့ ခြောက်ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း အမှတ် (၆) ရွာမှ အမှတ် (၃) ရွာသို့ ဈေးဝယ်ထွက်လာသည့် အသက် ၅၀ ကျော် အရွယ် ဦးမြင့်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်လှဝင်းတို့သည် ဆီအုန်းကုမ္ပဏီဝန်းကျင်တွင် ဗုံးထိမှန်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက သူတို့လင်မယားက ဈေးဝယ်ထွက်လာတာဗျ။ ဗုံးကျတဲ့အချိန်မှာ ဆီအုန်းကုမ္ပဏီနား ရောက် နေတာ။ အဲ့ဒီမှာတင် ပွဲချင်းပြီး ဆုံးသွားကြတာပဲ ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဧပြီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်သည် ပေါင် ၃၀၀ ဗုံး ၁၂ လုံးထက်မနည်း အသုံးပြုကာ လူနေရပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ပြည်ဖြိုးထွန်းကုမ္ပဏီ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းရှိ အလုပ်သမားတန်းလျားများနှင့် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။ 

ဧပြီလ ၂၆ ရက်နေ့ကလည်း မောတောင်မြို့ အမှတ် (၁) နှင့် အမှတ် (၉) ရွာများကို ပေါင် ၂၅၀ ဗုံးများဖြင့် ကြဲချခဲ့ သဖြင့် နေအိမ်အချို့ ပျက်စီးခဲ့သေးသည်။

မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက စစ်တပ်က ဒီမြို့ကို ပြန်ရဖို့ အသည်းအသန် ကြိုးစားနေတာ။ မြေ ပြင်ကနေ စစ်ကြောင်းထိုးလို့မရတော့ လေယာဉ်ကိုပဲ အားကိုးနေရတာ။ နေ့တိုင်းလိုလိုလည်း လေယာဉ်က ဝဲနေတာပဲ။ ရွာသားတွေအနေနဲ့ အသွားအလာ သတိထားကြဖို့လိုတယ်ဗျ။ လေကြောင်းအန္တရာယ်ကို အမြဲ နားစွင့်ထားကြဖို့ပဲ ပြောချင်ပါတယ် ဟု ပြောသည်။

မောတောင်မြို့သည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အလွန်အရေးပါသော မြို့တစ်မြို့ဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ခြင်းဖြစ်သည်။ 

သို့သော် ၃၅ နှစ်အကြာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် တော်လှန်ရေးပူးပေါင်းတပ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ သည်။ 

စစ်တပ်သည် မြို့ကိုပြန်လည်ထိန်းချုပ်ရန် ငါးလကြာသည်အထိ စစ်ကြောင်းထိုးနေသော်လည်း တော်လှန်ရေး အင်အားစုများ၏ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် မြို့အနားပင် မကပ်နိုင်ဘဲ လေကြောင်းကိုသာ အဓိက အသုံးပြု တိုက်ခိုက်နေရခြင်းဖြစ်သည်။

KNU အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အာဆီယံနိုင်ငံများ အနေဖြင့် စိုးရိမ်ပူပန်မှုကို ထုတ်ဖော် ပြသခြင်း ထက် လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ကာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်စေရန် တားဆီးပေးဖို့ ထုတ်ပြန်တိုက်တွန်းထားသည်။