မြိတ်အကျဉ်းထောင်နှင့် ရဲဘက်စခန်းမှ လွတ်မြောက်သူများတွင် နိုင်ကျဉ်းပါဝင်မှု မရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်။
မြိတ်အကျဉ်းထောင်နှင့် ရဲဘက်စခန်းများမှ အကျဉ်းသားစုစုပေါင်း ၂၈ ဦး လွတ်မြောက်သော်လည်း နိုင်ငံရေး အကျဉ်းသားများ မပါဝင်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
စစ်အုပ်စုက ကဆုန်လပြည့်နေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ရာ မြိတ်အကျဉ်းထောင်နှင့် ရဲဘက်စခန်းများမှ စုစုပေါင်း ၂၈ ဦး လွတ်မြောက်လာသော်လည်း နိုင်ငံရေးအကျဉ်းသား များ တစ်ဦးမျှ ပါဝင်လာခြင်းမရှိကြောင်း အကျဉ်းသားမိသားစုဝင်များက ပြောသည်။
ယနေ့ ဧပြီလ ၃၀ ရက်တွင် ပြန်လွှတ်ပေးခဲ့သည့် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား ၁၃ ဦးတွင် ခိုးဆိုး လုယက် မှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် လွတ်ရက်နီးသူ အကျဉ်းသား ၁၁ ဦးနှင့် အကျဉ်းသူ ၂ ဦးတို့သာ ပါဝင်ခဲ့သည်။
ထို့ပြင် ကျောက်ဖြူတောင် ကုန်ထုတ် ရဲဘက်စခန်းမှ ၁၂ ဦးနှင့် နတ်စင်ကုန်း ကုန်ထုတ်စခန်းမှ ၃ ဦးတို့လည်း လွတ်မြောက်လာခဲ့သည်။
နံနက်အစောပိုင်းကတည်းက ထောင်ရှေ့တွင် သားဖြစ်သူကို လာရောက်စောင့်ကြိုနေသည့် အသက် ၄၅ နှစ် အရွယ် မိခင်တစ်ဦးက “မနက်အစောကြီးကတည်းက ထောင်အရှေ့မှာ သွားစောင့်နေတာ၊ လွတ်ခါနီး အပြင် ဘုတ်ကျနေတဲ့သူတွေပဲ လွှတ်တာ၊ အိမ်က သားတော့ မပါဘူး” ဟု ပြောသည်။
စစ်တပ်သည် ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား ၁,၅၀၈ ဦးနှင့် နိုင်ငံခြားသား ၁၁ ဦးတို့ကို လွှတ်ပေးခဲ့ကြောင်း ကြေညာထားသည်။
အဆိုပါ လွတ်ငြိမ်းခွင့်သည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ယခုကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော ကန့်သတ်ချက်ဖြင့် လွှတ်ပေး ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ၏ ထုတ်ပြန်ချက်အရ ထားဝယ် အကျဉ်းထောင်မှ လည်း အသက်ကြီးပိုင်း အကျဉ်းသား ၁ ဦးသာ ပြန်လည်လွတ်မြောက်လာပြီး နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့နှင့် ယခု ကဆုန်လပြည့်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တို့တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု အလွန်နည်းပါးနေသည့်အပေါ် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ပြောဆိုမှုများ ပြုလုပ်နေကြသည်။
ကျန်ရှိနေသော အကျဉ်းသားများအတွက် ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအနက်မှ ၆ ပုံ ၁ ပုံကို လျှော့ပေါ့ပေး မည်ဟု စစ်အစိုးရက ထပ်မံကြေညာထားသော်လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်မူ မျှော်လင့်ချက် နည်းပါးနေဆဲ ဖြစ်သည်။