တရုတ်က အာဖရိကတွင် ထိုင်ဝမ်အပေါ် ပိတ်ဆို့ရန် ဖိအားပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်။
အာဖရိကတိုက်တွင် တရုတ်နိုင်ငံ၏ သံတမန်ရေးရာနှင့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများ ပြင်းထန်နေသော်လည်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်သည် ၎င်းအား အသိအမှတ်ပြုထားသည့် အက်စ်ဝါတီးနီ (Eswatini) နိုင်ငံသို့ မေလ ၂ ရက်နေ့တွင် ရောက်ရှိသွားခဲ့သည်။
သမ္မတလိုင်သည် အက်စ်ဝါတီးနီဘုရင် မဆွာတီ (III) နှင့် တွေ့ဆုံကာ နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါခရီးစဉ်အား ဧပြီလကုန်တွင် သွားရောက်ရန် မူလက စီစဉ်ခဲ့သော်လည်း လမ်းခရီးရှိ မဒါဂတ်စကာ၊ မောရစ်ရှပ်နှင့် ဆေးရှဲလ်နိုင်ငံတို့က တရုတ်၏ ဖိအားပေးမှုကြောင့် ထိုင်ဝမ်သမ္မတလေယာဉ်အား ဖြတ်သန်းပျံသန်းခွင့် ရုတ်တရက် ပိတ်ပင်ခဲ့သဖြင့် နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် အာဖရိကတိုက်၌ အက်စ်ဝါတီးနီသည် ထိုင်ဝမ်နှင့် သံတမန်အဆက်အသွယ်ရှိသည့် တစ်ဦးတည်းသော နိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ထိုင်ဝမ်အား အသိအမှတ်ပြုသည့်နိုင်ငံ ၁၂ နိုင်ငံသာ ကျန်ရှိတော့သည်။
တစ်ချိန်တည်းမှာပင် ဇမ်ဘီယာနိုင်ငံ၌ ကျင်းပရန် ပြင်ဆင်ထားသည့် RightsCon 2026 နည်းပညာနှင့် လူ့အခွင့်အရေးညီလာခံကို ဖျက်သိမ်းလိုက်ကြောင်း အမေရိကန်အခြေစိုက် Access Now အဖွဲ့က ကြေညာခဲ့သည်။
အိမ်ရှင်ဇမ်ဘီယာအစိုးရသည် တရုတ်၏ ဖိအားပေးမှုကြောင့် ထိုင်ဝမ်ကိုယ်စားလှယ်များကို ချန်လှပ်ထားရန်နှင့် ဆွေးနွေးပွဲခေါင်းစဉ်အချို့ကို ကန့်သတ်ရန် ကြိုးပမ်းလာခြင်းကြောင့် ညီလာခံ၏ လွတ်လပ်ခွင့်ကို ရှေးရှု၍ ယခုကဲ့သို့ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။