ကီလို ၁၀၀၀ ကျော် အကွာရှိ ရုရှား ရေနံဆိပ်ကမ်းအား ယူကရိန်းဒရုန်းများဖြင့် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်။ 

ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၁,၀၀၀ ခန့် ဝေးကွာသော ရုရှားနိုင်ငံ၏ အရေးပါသော ပရီမော့စ်ခ် (Primorsk) ရေနံဆိပ်ကမ်းနှင့် သင်္ဘောများကို ယူကရိန်းက ဒရုန်းများဖြင့် တနင်္ဂနွေနေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် တိုက်ခိုက်ခဲ့သည်။ 

အဆိုပါ အကွာအဝေးမှာ ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့အထိ အကွာအဝေးထက် ပိုမိုဝေးကွာပြီး ယူကရိန်း၏ တာဝေးပစ်ဒရုန်းနည်းပညာ မြင့်မားလာမှုကို သက်သေပြနေခြင်းဖြစ်သည်။

ပရီမော့စ်ခ်ဆိပ်ကမ်းသည် ရုရှားမှ ဥရောပနှင့် ကမ္ဘာ့ဈေးကွက်သို့ ရေနံတင်ပို့ရာတွင် အချက်အချာကျသော နေရာဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် ရေနံသိုလှောင်ကန်များနှင့် သင်္ဘောအချို့ ထိခိုက်ပျက်စီးကာ ရေနံတင်ပို့မှု လုပ်ငန်းစဉ်များ ခေတ္တရပ်ဆိုင်းသွားခဲ့ရသည်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒရုန်းအများအပြားကို ပစ်ချနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သော်လည်း ဆိပ်ကမ်း၌ မီးလောင်မှုများ ဖြစ်ပွားခဲ့ခြင်းကိုမူ ငြင်းဆိုခြင်းမရှိပေ။

စစ်မြေပြင်အခြေအနေအရ ယူကရိန်းအရှေ့ဘက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသကဲ့သို့ ရုရှားကလည်း ယူကရိန်း၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တန်ပြန်ဗုံးကြဲလျက်ရှိရာ မြို့အချို့၌ လျှပ်စစ်မီးပြတ်တောက်မှုများ ကြုံတွေ့နေရသည်။ 

ယူကရိန်းသည် အခုနောက်ပိုင်းတွင် ရုရှား၏ စီးပွားရေးအခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်လာရာ ၎င်းတို့၏ ဒရုန်းစွမ်းဆောင်ရည်မှာ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိလာခဲ့သည်။