စစ်တပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သဖြင့် ရွှေကူမြို့အနီး တိုက်ပွဲ ပြင်းထန်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်။
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ စစ်ရေးအရ အရေးပါသော ရွှေကူမြို့အထွက် ၅ လမ်းဆုံစခန်းကို ပြန်လည် ရယူနိုင်ရန် စစ်တပ်က စစ်ကြောင်းများဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်လာနေသဖြင့် အဆိုပါဒေသတွင် ယနေ့အထိ ထိတွေ့တိုက်ပွဲများ ဆက်တိုက် ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်တပ်သည် ရွှေကူမြို့ပေါ်မှတစ်ဆင့် ၅ လမ်းဆုံဘက်သို့ တပ်အင်အားနှင့် စစ်လက်နက်ပစ္စည်းများ တိုးချဲ့ဖြည့် တင်းကာ ပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ခုခံ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ရွှေကူ ၅ လမ်းဆုံဘက် အခုလက်ရှိ ဆက်လက် ဖြစ်ပွားနေပါတယ်။ မေလ ၁၇ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲက ဆက်ဖြစ်နေတာပါ။ သူတို့ဘက်က ၅ လမ်းဆုံကို ပြန်ရဖို့ ဆက် တိုးလာနေတယ်” ဟု ပြောသည်။
အဆိုပါ ၅ လမ်းဆုံစခန်းသည် KIA တပ်မဟာ (၁၁) နယ်မြေအတွင်းရှိ အရေးပါသည့် စစ်ရေးအချက်အချာ တစ်ခုဖြစ်ပြီး၊ ပြီးခဲ့သည့် ဧပြီလ တတိယအပတ် အတွင်းက KIA နှင့် PDF ပူးပေါင်းတပ်များက ၃ ရက် ဆက် တိုက် ထိုးစစ်ဆင်ကာ စစ်တပ်ထံမှ သိမ်းပိုက်ရရှိထားသည့် နေရာဖြစ်သည်။
ယခင်လက ဖြစ်ပွားခဲ့သည့် အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ ၁၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့်အပြင် RPG၊ ၄၀ မမ ဗုံးသီးများ၊ ကျည်ကတ်များနှင့် စစ်ရေးအသုံးအဆောင်ပစ္စည်းများကိုပါ တော်လှန်ရေးတပ်ဖွဲ့များက မဟာဗျူဟာမြောက် သိမ်းဆည်းရမိခဲ့သည်။
လက်ရှိတွင် စစ်တပ်သည် ၎င်းတို့လက်လွှတ်ခဲ့ရသည့် အဆိုပါ စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ခလရ (၅၆) နှင့် ခမရ (၆၀၂) တို့ ပါဝင်သည့် ပူးပေါင်းစစ်ကြောင်းများဖြင့် စစ်မျက်နှာဖွင့်ကာ ပြန်လည် ထိုးစစ်ဆင်လာ ခြင်း ဖြစ်သည်။
ထို့ပြင် ရှမ်းပြည် မြောက်ပိုင်း မဘိမ်းမြို့နယ် ငအိုးကျေးရွာဘက်တွင် အထိုင်ချထားသည့် စစ်တပ် စစ်ကြောင်း များကလည်း ရွှေကူမြို့နယ်ဘက်သို့ စစ်ကူပေးရန်နှင့် စစ်ကြောင်းထပ်မံထိုးရန် ပြင်ဆင်နေကြောင်း မြေပြင် သတင်းများအရ သိရသည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ် ဒေသများတွင် စစ်တပ်က ၎င်းတို့လက်လွှတ်ခဲ့ရသည့် ဗျူဟာမြောက်နေရာ များကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်အင်အားတိုးချဲ့မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။
ထို့ကြောင့် ဒေသတွင်း စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း KIA နှင့် PDF ပူးပေါင်းတပ် တာဝန်ရှိသူများက ပြောသည်။