အသွင်ယူ ပစ်ခတ်မှုကြောင့် KNLA ရဲဘော်တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်တပ်က အရပ်ဝတ်နှင့် PDF ယူနီဖောင်းများ ဝတ်ဆင်ကာ အယောင် ဆောင်ကင်းပုန်းဝပ် ပစ်ခတ်ခဲ့သဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ အသက် ၁၈ နှစ်အရွယ် ဆယ်ကျော်သက် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း တပ်ခွဲတာဝန်ရှိသူတစ်ဦးက ပြောသည်။
သရက်ချောင်းမြို့နယ်၊ မင်းဒပ်ကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်အုပ်စု တပ်ဖွဲ့ဝင်များက ဇွန်လ ၄ ရက် နေ့ နံနက် ၇ နာရီခန့်တွင် လမ်းမှဖြတ်သန်းလာသည့် ဆိုင်ကယ်တစ်စီးကို အလစ်အငိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆိုင်ကယ်ပေါ်တွင် KNLA တပ်ရင်း (၁၂)၊ တပ်ခွဲ (၂) မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်ဝတ်ဝတ်ဆင်ထားသည့် ထောက်ပို့ရဲဘော်တစ်ဦးတို့ လိုက်ပါလာခြင်း ဖြစ်သည်။
ပစ်ခတ်ခံရမှုကြောင့် အသက် ၁၈ နှစ်အရွယ် KNLA တပ်ဖွဲ့ဝင်မှာ ကျည်ထိမှန်ကာ နေရာတွင်ပင် ကျဆုံးခဲ့ပြီး၊ အတူပါလာသည့် ထောက်ပို့ရဲဘော်မှာမူ လက်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
KNLA တပ်ရင်း (၁၂)၊ တပ်ခွဲ (၂) မှ ဒုတပ်ခွဲမှူးက “မင်းဒပ်ရွာနားမှာ ကင်းပုန်းလာဝပ်နေတာကို မသိလိုက်ဘဲ ဆိုင်ကယ်နဲ့ သွားရာမှာ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရတာပါ၊ ခါတိုင်းလည်း သွားနေကျဆိုတော့ မထင်မှတ် ထားဘူးလေ၊ အခုက အရပ်ဝတ် ဝတ်ထားတဲ့သူနဲ့ PDF ယူနီဖောင်း ဝတ်ထားကြတာနဲ့ အယောင်ဆောင်ထား တာဆိုတော့ ခံလိုက်ရတာပေါ့” ဟု ပြောသည်။
အဆိုပါ မင်းဒပ်ကျေးရွာသည် မြိတ် – ထားဝယ်သွား အမှတ် (၈) ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး စစ်တပ်၏ ဝင်းဝစခန်းအနီးတွင် တည်ရှိသည့် ကျေးရွာလည်း ဖြစ်သည်။
ဝင်းဝစခန်းကို ပြီးခဲ့သည့် မတ်လအတွင်းက KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့သော် လည်း ရက် ၂၀ အကြာ မတ်လ ၃၁ ရက်နေ့တွင် စစ်တပ်ဘက်က အင်အားအလုံးအရင်းဖြင့် ပြန်လည် ထိန်းချုပ် ခဲ့ပြီးနောက် ယခုကဲ့သို့ လမ်းပိုင်းများတွင် ကင်းပုန်းဝပ်ကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခြင်း ဖြစ်သည်ဟု ဒေသခံပြည်သူများက ပြောသည်။\