ဟားခါး-ထန်တလန် လမ်းပိုင်းကို စစ်တပ် ပြန်ထိန်းချုပ်ပြီး CDF-Zophei ဌာနချုပ်ကို ဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်။
စစ်အုပ်စု စစ်တပ်များက ဟားခါး ထန်တလန် လမ်းပိုင်းရှိ ဗျူဟာ မြောက်စခန်းများကို ပြန်လည်စီးနင်းပြီး ထန်တလန်မြို့ထဲသို့ အင်အားအလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာသည်။
ထို့ပြင် ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် ချင်းဒေသကာကွယ်ရေးအဖွဲ့-ဇိုဖေ (CDF-Zophei) ဌာနချုပ်နှင့် အနီးဝန်းကျင်ကိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို နေပြည်တော်၊ တံတားဦး၊ မိတ္ထီလာနှင့် မကွေးလေတပ်စခန်း ၄ ခုမှ ဂျက်ဖိုက်တာ ၇ စီးအပြင် Y-12 လေယာဉ်များကိုပါ အသုံးပြု၍ ဗုံးအလုံးရေ ၃၀ ထက်မနည်း ကြဲချခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လေကြောင်းမှ ဗုံးကြဲမှုကြောင့် CDF-Zophei ၏ ကျန်းမာရေးဌာန အတွင်းရေးမှူးဖြစ်သူ အသက် ၂၀ ကျော်အရွယ် ဆရာမ Van Dawt Chin (ခေါ်) ချင်းချင်း နေရာတွင်ပင် ကျဆုံးခဲ့ရကြောင်း တော်လှန်ရေး အင်အားစုများက အတည်ပြုသည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက “ဒီမနက် လေယာဉ်သံတွေ ကြားရတာ ဆက်တိုက်ပဲ။ လေယာဉ်တွေ တစ်စီး ပြီးတစ်စီး ဆက်တိုက် ဗုံးတွေ ကြဲချသွားတာ။ မိုးမရွာခင် မိုးကြိုးတွေ တစ်ပြိုင်တည်း ပစ်ချသလိုပဲ အသံတွေ က အကျယ်ကြီး။ အားလုံး ထွက်ပြေးရတာ။ ဆရာမလေး ဆုံးသွားတယ်ကြားတော့ ရင်ထဲ တအားမကောင်း ဘူး။ ဒဏ်ရာရတာလည်း ၄-၅ ယောက်လောက်ရှိတယ်လို့ သတင်းတွေတော့ ရထားတယ်” ဟု ပြောသည်။
စစ်တပ်သည် ယခုထိုးစစ်ကို ဇွန်လ ၄ ရက်နေ့ကတည်းက ဟားခါးမြို့ဘက်မှ အမှတ် (၇၇၁) နည်းဗျူဟာမှူး ဦးစီးသည့် အင်အား ၃၀၀ ဝန်းကျင်ဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်သည် လေကြောင်း၊ လက်နက်ကြီးနှင့် အသေခံဒရုန်းများကို အပြင်းအထန်သုံး၍ ဟားခါး-ထန်တလန် လမ်းပေါ်ရှိ C3 တောင်ကုန်း၊ အော်တိုတောင်ကုန်းနှင့် တာဝါတိုင်ကုန်းစခန်းများကို ဇွန်လ ၆ ရက်မှ ၈ ရက်နေ့ အတွင်း ပြန်လည်သိမ်းပိုက်ခဲ့သည်။
ထို့နောက် ဇွန်လ ၉ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် ထန်တလန်မြို့တွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး လက်ရှိတွင် မြို့၏ ထက်ဝက်နီးပါးနှင့် ရဲစခန်းကို ထိန်းချုပ်ထားကြောင်း CDF-Thantlang က ဆိုသည်။
စစ်တပ်၏ ပြန်ကြားရေးကမူ ဟားခါး-ထန်တလန် လမ်းကြောင်းတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်၍ အရပ်သားများ ပုံမှန်သွားလာနိုင်ပြီဟု ဝါဒဖြန့်ထားသော်လည်း မြေပြင်တွင် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။
ထန်တလန်စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက “မြို့ထဲကို စစ်တပ် ပြန်ဝင်သွားပြီဆိုတော့ တိုက်ပွဲတွေက ပိုပြင်းလာဖို့ ပဲ ရှိတော့တယ်။ လမ်းပွင့်သွားပြီလို့ သူတို့က အော်နေပေမယ့် ဘယ်အရပ်သားမှ သွားရဲမှာ မဟုတ်ဘူး။ လမ်းပိုင်းတွေလည်း သူတို့ထိန်းထားပြီပေါ့နော် အဲ့ဒီသဘောပါ။ ဒါပေမယ့် တိုက်ပွဲတွေ ကလည်း ရှိနေတုန်းပဲ။ ကျနော်တို့ စစ်ရှောင်တွေလည်း နေရပ်ပြန်ရဖို့က ပိုဝေးသွားပြီ။ လေးနှစ်ကျော် စစ်ပြေး နေရတာ အခုထိ အိမ်မပြန်ရသေးဘူး” ဟု ပြောသည်။
လက်ရှိတွင် စစ်တပ်သည် ချင်းပြည် မြောက်ပိုင်းရှိ ဖလမ်းနှင့် တွန်းဇံမြို့များကို ပြန်လည်ထိန်းချုပ်ထားသလို၊ တောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝဒေသများကိုပါ မကွေးတိုင်းဘက်မှတစ်ဆင့် အင်အား ၂,၀၀၀ ကျော်ဖြင့် စစ်ကြောင်းခွဲကာ ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။