အိမ်နီးချင်း မဏိပူရပြည်နယ်တွင် ကူကီးကျေးရွာတစ်ရွာ စီးနင်းမီးရှို့ခံရပြီး၊ ခရစ်ယာန်ဘာသာ ရေးခေါင်းဆောင် လူငယ် ၂ ဦး မီးလောင်သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်။ 

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရှိ ကူကီး တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာတစ်ရွာကို ဇွန်လ ၁၁ ရက် နံနက် စောစော ၄ နာရီကျော်တွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်သဖြင့် ဒေသခံ ကူကီး ၂ ဦး မီးလောင် သေဆံးခဲ့ပြီး အိမ်ခြေ ၃၀ ခန့် ပျက်စီးခဲ့သည်ဟု The Hindu သတင်းစာက ရဲတပ်ဖွဲ့ကို ကိုးကား ဖော်ပြထားသည်။ 

ယခုဖြစ်စဉ်သည် ကန်ပော့ပီ (Kangpokpi) ခရိုင်အတွင်း နာဂ (Naga) အရပ်သား ခြောက်ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ဒေသခံများက ဝင်ရောက်တိုက်ခိုက်သော လက်နက်ကိုင် အဖွဲ့များ,မှာ နာဂ လက်နက်ကိုင် အဖွဲ့များ ဖြစ်နိုင်သည်ဟု သံသယ ရှိနေကြသည်။ 

တိုက်ခိုက်ရေးသမားများသည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံ ကူကီး အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ရွာသူရွာသား အများအပြားသည် အသက်လုကာ ဘေးလွတ်ရာ တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယခုတိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘာသာရေးနှင့် လူငယ်ခေါင်းဆောင် ၂ ဦးဖြစ်သည့် အသက် ၃၄ နှစ်အရွယ် အသင်းတော်အကြီးအကဲ [ Head Deacon ] ( L ) Letminlun Haokip နှင့် အသက် ၃၆ နှစ်အရွယ် အသင်းတော်လူငယ်ဥက္ကဋ္ဌ ( L ) Lunminthang Haokip တို့သည် နေအိမ်အတွင်း၌ပင် မီးလောင် သေဆုံးနေကြသည်။ 

၎င်းတို့နှစ်ဦးစလုံးသည် ကူကီးနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kuki Baptist Convention – KBC) ဇုန်အမှတ် ၁၇ တွင် ဇုန်အတွင်းရေးမှူးနှင့် လူငယ်အတွင်းရေးမှူးတာဝန်များကို အသီးသီး ထမ်းဆောင်နေသူများဖြစ်ကြောင်း ကူကီးကျောင်းသားအဖွဲ့ (KSO) ၏ မီဒီယာနှင့် မှတ်တမ်းပြုစုရေးဌာနခွဲက အတည်ပြုထုတ်ပြန်သည်။

Kuki Baptist Convention အဖွဲ့က ယခုလူသတ်မှုကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး အရပ်သားများ ဘေးကင်းလုံခြုံရေးအတွက် “ပြတ်သားပြီး ဘက်စုံလွှမ်းခြုံနိုင်သော အစီအမံများ” ချမှတ်ဆောင်ရွက်ပေးရန် အာဏာပိုင်များကို တောင်းဆိုထားသည်။

မကြာသေးမီလများအတွင်း မဏိပူရပြည်နယ်၊ ကမ်ဂျွန် ( Kamjong ) ခရိုင်ရှိ ကူကီးကျေးရွာများကို ပစ်မှတ်ထားသည့် အကြမ်းဖက်စီးနင်းမှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ဒေသတွင်း၌ စစ်ရေး၊ လူမျိုးရေး တင်းမာမှုများ အထူးမြင့်တက်လျက်ရှိနေသည်။