ဖက်ဒရယ်ပညာရေးတွင် မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ် မြှင့်တင်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်။

ကြားကာလ ဖက်ဒရယ်ပညာရေး စနစ်တွင် တိုင်းရင်းသား ကလေးငယ်များအတွက် မိခင်ဘာသာစကား အခြေ ပြု သင်ကြားရေးစနစ် (Mother tongue-based education) ကို တရားဝင် ထည့်သွင်းကျင့်သုံးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ကြားကာလ ဖက်ဒရယ် ပညာရေး ကောင်စီ IFEC က ပြောသည်။  

အဆိုပါစနစ်ကို (IFEC) နှင့် သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်များ ပူးပေါင်းကာ မြှင့်တင်နေခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုသို့ မြှင့်တင်ဆောင်ရွက်နေမှုကို ကြားကာလဖက်ဒရယ် ပညာရေးကောင်စီ (IFEC) က ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ‘ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ်၊ အဆင့်မြင့်ပညာရေးနှင့် သက်မွေးပညာရေး ညီလာခံ ဖြစ်မြောက်ရေးကော်မတီ’ ၏ သတင်းစာရှင်းလင်းပွဲတွင် ပညာရေးတာဝန်ရှိသူများက ထည့်သွင်း ပြော ဆိုခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန (MOE)၊ ကြားကာလဖက်ဒရယ် ပညာ ရေးကောင်စီ (IFEC) တို့သည် တိုင်းရင်းသား ဒေသ များရှိ ဖက်ဒရယ်ယူနစ်များနှင့် ပူးပေါင်းကာ သင်ရိုး ညွှန်းတမ်းများကို ပြုစုလျက်ရှိပြီး၊ မူလတန်းအဆင့်များတွင် မိခင်ဘာသာစကား အခြေပြု သင်ကြားရေးနစ်ကို ကျင့်သုံးနိုင်ရန် အဓိက ဦးတည်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ကြားကာလဖက်ဒရယ် ပညာရေးကောင်စီ (IFEC) မှ ဆရာဦးသိန်းနိုင်က ကျနော်တို့ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေး စနစ်အရပေါ့နော် ဖက်ရယ်ဒီမိုကရေစီ ပညာရေးမူဝါဒထဲမှာလည်း အတိအလင်း ဖော်ပြပါရှိတဲ့ မိခင်ဘာသာစကား တိုင်းရင်းသားဘာသာစကား လူမျိုးစု ဘာသာစကား မျိုးနွယ်စု ဘာသာစကား သင်ကြားခွင့် ရှိတယ်ပေါ့နော်။ ဆိုတော့ တိုင်းရင်းသား ဘာသာစာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေ ကျောင်းပညာ ရေးနဲ့ ပေါင်းစပ် ပြီးတော့ လက်ဆင့်ကမ်းပြီးတော့ ဆက်လက်ဖွံ့ဖြိုးခွင့် လေ့လာခွင့် သင်ယူခွင့် ကျင့်သုံးခွင့် ပေါ့နော်၊ ဆိုတော့ ပညာရေးက ထားရှိရုံတင်မကဘူး ဘာသာစကားတစ်မျိုးတည်း ထည့်သွင်း သင်ကြားတာ မကဘူးပေါ့ ဟု ပြောသည်။

အထူးသဖြင့် မူလတန်းအဆင့်များတွင် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံသင်ကြားရေးစနစ်ကို ကျင့် သုံးရန် ပြဋ္ဌာန်းထားပြီး တရားဝင်ကျောင်းပညာရေး စနစ်အတွင်း တိုင်းရင်းသားဘာသာစကား သင်ကြားရေး အစီအစဉ်ကို ထည့်သွင်းထားပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် တရားဝင် ကျောင်းသင်ရိုးများ၌ ဘာသာစကားတစ်ခုတည်းကို ထည့်သွင်းသင်ကြားရုံ သာမကဘဲ အခြား သော အခြေခံဘာသာရပ်များကိုပါ မိခင်ဘာသာစကားဖြင့် ပေါင်းစပ်သင်ကြားနိုင်ရန် စံနှုန်းများ တည်ဆောက်နေ သည်ဟု ဆက်ပြောသည်။


ဆရာဦးသိန်းနိုင်က တရားဝင် ကျောင်းပညာရေး စနစ်ထဲမှာ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ ပြီးတော့လည်း အခြားသော ဘာသာရပ်တွေ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး ဒီလို ဘာသာရပ်တွေကိုလည်း ဒေသခံ တိုင်းရင်းသား ဘာ သာစကားနဲ့ သင်ကြားခြင်းအောင် ကလေးတွေရဲ့ အသိပညာရရှိမှု စဉ်းစားတွေးခေါ်မှု စွမ်းရည် အမျိုးမျိုးဖွံ့ဖြိုး ဖို့အတွက် အထောက်အကူ ပြုတယ်။ လူမှုသဟဇာတ အတွက်လည်း အခြေခံကောင်းတွေ ရရှိနိုင်တယ်ပေါ့ နော်။ ဆိုတော့ ဒီအတွက်ကို ကျနော်တို့ မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ်ကို IFEC နဲ့ သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်တွေဘက်က မြင့်တင်နေတဲ့ ကာလဖြစ်ပါတယ် ဟု ပြောသည်။

လက်ရှိ ကြားကာလပညာရေး ယန္တရားတွင် အခြေခံပညာကဏ္ဍသာမက သက်မွေးပညာကဏ္ဍတွင်လည်း ဖက်ဒရယ်ယူနစ်အလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို ဆောင်ရွက်ခွင့်ပြုရန် စီစဉ်နေကြပြီ ဖြစ်သည်။

အနာဂတ်တွင် ပေါ်ပေါက်လာမည့် သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်များအလိုက် သက်မွေးပညာကောင်စီများနှင့် ပညာရေးကောင်စီများကလည်း မိမိတို့ဒေသအလိုက် တိုင်းရင်းသားဘာသာစကားဖြင့် သင်ကြား သင်ယူခွင့် များကို ဆက်လက်စီမံ ဆောင်ရွက်သွားမည့် အနေအထားတွင် ရှိသည်ဟု ပြောသည်။

သက်မွေးကဏ္ဍ ပညာရေး (VE) မှ ဆရာမဒေါ်ဝင်းမာစိုးက နောက်ကျမတို့ သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်တွေ အလိုက် သက်မွေးပညာကောင်စီကို ဖွဲ့စည်းလာကြမှာ ပေါ်ပေါက်လာကြမယ့် အနေအထားရှိပါတယ်။ အဲ့ခါကြ လို့ရှိရင် ဖက်ဒရယ်ယူနစ်အလိုက်က သူသက်ဆိုင်ရာ ယူနစ်ရဲ့ ယူနစ်ထဲမှာရှိတဲ့ ကျမတို့ တိုင်းရင်းသား ဘာသာ စကားနဲ့ သင်ကြားသင်ယူခွင့်ကတော့ ဖက်ဒရယ်ယူနစ်ရဲ့ ပညာရေးကောင်စီများ ဆောင်ရွက်သွားမယ့် အနေ အထား ဖြစ်ပါတယ် ဟု ပြောသည်။

ထို့ကြောင့် လက်ရှိကာလတွင် IFEC နှင့် သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်များအနေဖြင့် အဆိုပါ မိခင်ဘာသာ စကား အခြေပြု ပညာရေးမူဝါဒများနှင့် လုပ်ငန်းစဉ်များ ကျောင်းစာသင်ခန်းများအထိ အချိန်မီ သက်ရောက်မှုရှိစေရန် လိုအပ်သည့် ပံ့ပိုးမှုများနှင့် နည်းပညာအကူအညီများကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။