လေကြောင်းနှင့် စစ်ရေယာဉ်များ ရန်ကြောင့် ကျိန္တလီဒေသခံများ ဝမ်းရေးခက်ခဲနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်။

ရခိုင်ပြည် တောင်ပိုင်း ဂွမြို့နယ်၊ ကျိန္တလီဒေသတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ပင်လယ်ပြင် အတွင်း စစ်ရေယာဉ်များ၏ စောင့်ကြည့်ဖမ်းဆီးမှုများကြောင့် ဒေသခံများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်က ကျေးရွာများနှင့် လယ်ကွင်းများထဲအထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်း၊ တောတောင်များ အနီး မိုင်းအန္တရာယ်များရှိနေခြင်းတို့ကြောင့် ဒေသခံများသည် မိရိုးဖလာ ငါးဖမ်းလုပ်ငန်း၊ လယ်ယာနှင့် တောင် ယာလုပ်ငန်းများအပြင် တောတောင်များသို့ သဘာဝအသီးအနှံ၊ မျှစ်၊ မှိုနှင့် ဖားရှာငါးရှာထွက်သည့် ဝမ်းရေးလုပ် ငန်းများကိုပါ လုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ။

ဂွမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက လယ်တွေ ချောင်းတွေလည်း စိုက်တော့စိုက်ကြတယ်၊ ပုံမှန် စိတ်ချမ်း သာစွာ လုပ်လို့မရဘူး၊ လေယာဉ်ကြည့်ပြီး စပါးစိုက်နေရတယ်။ တောနားတောင်နားမှာလည်း မိုင်းတွေ ကြောက်ရတော့ မျှစ်ရှာတာ မှိုရှာတာ တောင်ယာစပါးက အစ မစိုက်ရတော့ဘူး၊ လယ်တွေယာတွေ အထိကို ဗုံးကြဲလာတော့ နွားတွေသေ၊ တဲတွေပျက်နဲ့ ဘယ်သူမှ ဖြောင့်ဖြောင့်တန်းတန်း မလုပ်ရဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ထို့အတူ ဇွန်လ ၁၄ ရက်နေ့ ညပိုင်းကလည်း ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းနှင့် လယ်တဲများ ပျက်စီးကာ နွားများ သေဆုံးခဲ့ရသည်။

အလားတူ ဇွန်လ ၈ ရက်နေ့ကလည်း ကျိန္တလီမြို့သို့ စစ်တပ်၏ ရေတပ် စစ်ရေယာဉ်မှ လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထိုကဲ့သို့ ပင်လယ်ပြင်အတွင်း စစ်တပ်၏ စစ်ရေယာဉ်များက စောင့်ကြည့်ခြင်း၊ ဖမ်းဆီးခြင်းနှင့် လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် ပင်လယ်ငါးဖမ်းလုပ်ငန်းကိုလည်း ယခင်ကဲ့သို့ မလုပ်ကိုင်နိုင်တော့ဘဲ စားဝတ်နေရေး ကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။

ဒေသခံ ရေလုပ်သားတစ်ဦးကလည်း ပင်လယ်မထွက်ရဲဘူး နေဗီ (စစ်ရေယာဉ်) တွေကစောင့်နေတာ။ ကုန်ခဲ့တဲ့ နှစ်တွေက ငါးဖမ်းသမားတွေကို ဖမ်းပြီးသတ်တာတွေရှိတယ်။ ခိုးဖမ်းတာတွေရှိပေမယ့် အသက်စွန့်ရတာလေ အများစုက မလုပ်ရဲဘူး ဟု ပြောသည်။

ဂွမြို့နယ်အတွင်း စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လာနေ သည့်အပြင်၊ အရပ်သား ပြည်သူများ နေထိုင်ရာ မြို့ရွာများနှင့် လုပ်ငန်းခွင်များကိုပါ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်မှုများ ရှိနေခြင်းကြောင့် ဒေသခံများအနေဖြင့် အသက်အန္တရာယ် လုံခြုံမှုမရှိဘဲ လုပ်ငန်းခွင်များသို့ မသွားရဲလောက်အောင် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရသည်။