ဟဲဟိုးစခန်းမှူး မူးယစ်တရားခံကို သိန်း ၃၀၀ ဖြင့် လာဘ်ယူလွှတ်ပေးမှု ပေါက်ကြား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့မရဲစခန်းတွင် ဖမ်းဆီးရမိထားသည့် မူးယစ်တရားခံ ၃ ဦးအနက် စခန်းမှူး၏ သူငယ်ချင်းဖြစ်သူတစ်ဦးကို ငွေကျပ်သိန်း ၃၀၀ လာဘ်ယူကာ သက်သေများ ဖျောက်ဖျက်၍ လျှို့ဝှက် ပြန်လွှတ်ပေးခဲ့မှုအပေါ် တရားခံမိသားစုဝင်များနှင့် ဒေသခံများအကြား ဝေဖန်မှုများ မြင့်တက်နေ သည်။

ဟဲဟိုးမြို့၊ မိန်းလမ်းမအနီးရှိ ဟန်သာတည်းခိုခန်း၌ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဘော်ဆိုင်းကျေးရွာတွင် နေထိုင်ကြသည့် ကိုကိုလွင်၊ နေသူကျော်နှင့် အောင်စိုးပိုင် သုံးဦးကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

သို့သော် ဖမ်းဆီးခံရသူများအနက် ကိုကိုလွင် ဆိုသူမှာ ဟဲဟိုးမြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်၏ ငယ်သူငယ်ချင်းဖြစ်နေသဖြင့် ငွေကျပ်သိန်း ၃၀၀ ဖြင့် လာဘ်ပေးလာဘ်ယူပြုလုပ်ကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများနှင့် နီးစပ်သူများက ဆိုသည်။

အဆိုပါလာဘ်ယူမှုဖြစ်စဉ်တွင် စခန်းမှူး နှင့် နယ်ထိန်း တို့သည် ဖမ်းဆီးစဉ်က ပါရှိ သွားသည့် သက်သေခံ အနက်ရောင် Kluger မော်တော်ယာဉ်တစ်စီး၊ စိန်လက်စွပ်တစ်ကွင်း၊ ကျောက်စိမ်း လက် စွပ်တစ်ကွင်းနှင့် KBZ Pay အကောင့်ထဲမှ ငွေကျပ်သိန်းရာချီကို သက်သေခံစာရင်းထဲတွင် ထည့်သွင်းခြင်းမပြုဘဲ ဖျောက်ဖျက်ထားခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် စခန်းမှူးသည် ဟိုတယ်ရှိ CCTV မှတ်တမ်းများကိုပါ လာရောက်ဖျက်ဆီးခဲ့ပြီး အမှုဆင်ရန်အတွက် ဗီဒီယို အသစ်တစ်ခုကို ပြန်လည်ရိုက်ကူးခဲ့ကြောင်းလည်း ဟိုတယ်နှင့် နီးစပ်သူများက ပြောသည်။

လက်ရှိတွင် အမှုဖြစ်ပွားခဲ့သည်မှာ ၇ လခန့် ကြာမြင့်နေပြီဖြစ်သော်လည်း အဓိကမျက်မြင်သက်သေဖြစ်သည့် ဟိုတယ်မန်နေဂျာမှာ တရားရုံးချိန်းများသို့ အကြိမ်ကြိမ် ပျက်ကွက်နေသဖြင့် အမှုမှာ မပြီးပြတ်နိုင်ဘဲ ဖြစ်နေ သည်။ 

ရဲတပ်ဖွဲ့ဘက်ကမူ မန်နေဂျာအား ခရီးလွန်နေသည်ဟု တရားရုံးတွင် ထွက်ဆိုထားသော်လည်း မြေပြင်တွင်မူ ရဲများနှင့် ညှိနှိုင်းကာ တိမ်းရှောင်ခိုင်းထားခြင်းဖြစ်ကြောင်း ဟန်သာတည်းခိုခန်း အနီးတစ်ဝိုက်တွင် နေထိုင်သူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

မန်နေဂျာက ပြေးပြီလေ။ ကားတွေ လက်စွပ်တွေက သူတို့ ဖမ်းမိတဲ့ သက်သေစာရင်းထဲ ထည့်မထားဘူး။ အကုန်ဖြောင်လိုက်ပြီလား မသိ။ အခု လွှတ်ပေးလိုက်တာက စခန်းမှူး ငယ်သူငယ်ချင်းလို့ ကြားထားတယ်။ အခုလည်း သူတို့ အချင်းချင်း ညှိပြီး ရှောင်ခိုင်းထားတာ။ သူလာမှ အမှုစရမှာ။ တရားသူကြီးကလည်း ပေးကျွေးထားလို့လားမသိ။ အင်းအဲ မလုပ်ဘူး။

ယခုကဲ့သို့ ဖမ်းဆီးခံရသူချင်း တူညီသော်လည်း တစ်ဦးသာ ကင်းလွတ်ခွင့်ရရှိပြီး ကျန်နှစ်ဦးမှာ ထောင်ဒဏ်ကျ ခံရမည့် အခြေအနေဖြစ်နေသည့်အပြင် ပစ္စည်းများပါ အဓမ္မသိမ်းဆည်းခံရမှုကြောင့် ကျန်ရစ်သူ တရားခံ မိသားစုဝင်များအကြား မကျေနပ်မှုများ ဖြစ်ပေါ်နေသည်။

တရားခံမိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက အခုက လွတ်တာမလွတ်တာထက်၊ ဖမ်းခံရတာချင်းတူတူ တစ်ယောက်က လွတ်တယ်။ နှစ်ယောက်က ထောင်ကျမယ်။ ကားလည်း သိမ်းခံရသေးတယ်ဆိုတော့ မိသားစု ဘက်က ခံပြင်းနေတာ။ သူတို့ ဖြစ်စေချင်တာက တူတူဆိုးမိုက်ကြတာ ခံလည်းတူတူခံ၊ စံလည်း တူတူစံကြဆိုတဲ့ သဘောမျိုးပဲ ဖြစ်စေချင်တာလေ ဟု ပြောသည်။

ကလောမြို့နယ်အတွင်း ယခင်ကလည်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုများကို ရဲတပ်ဖွဲ့က လျို့ဝှက် ပြန်လွှတ်ပေးလေ့ရှိကြောင်း ဒေသခံများအကြား ပြောဆိုမှုများရှိသော်လည်း ယခုကဲ့သို့ သက်သေ အထောက် အထားများနှင့်တကွ လူသိရှင်ကြား သတင်းပေါက်ကြားခဲ့မှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

လတ်တလောတွင် ကလောမြို့နယ်အတွင်း စစ်တပ်၏ ရက် ၁၀၀ စီမံကိန်းအရ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ ဆက်တိုက်ရှိနေသော်လည်း ရဲတပ်ဖွဲ့ဝင်များက ယခုဖြစ်စဉ်ကဲ့သို့ ငွေကြေးလာဘ်ယူကာ တရားခံများကို လွှတ် ပေးနေမည်ဆိုပါက မူးယစ်ဆေးဝါးပြဿနာများ ပိုမိုဆိုးရွားလာမည်ကို ဒေသခံ ပြည်သူများက စိုးရိမ်လျက် ရှိသည်။